မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ပုဂံဗိသုကာ နှင့် အနုလက်ရာများ


မြန်မာနိုင်ငံတွင် ပုဂံခေတ်ကားထင်ရှားသော သမိုင်းမှတ်တမ်း ဝင်ခေတ်တစ်ခေတ်အဖြစ် တည်ရှိခဲ့ ပေသည်။ အေဒီ ၁၁-၁၂ ရာ စုအတွင်း ပုဂံသည်အဖွံ့ထွားဆုံးကာလဟု ဆိုကြရမည်။ ထို ခေတ်ကာလနှင့် နောက်ပိုင်း ပေါ်ထွန်းခဲ့သော သမိုင်းဝင်ရှေး ဟောင်းအဆောက်အအုံ ဂူကျောင်းစေတီများ၊ သာသနိက နေရာ ဌာနများ တည်ထားပုံ ဗိသုကာလက်ရာများ၊ ပုံစံများ၊ မြန်မာ့ရိုး ရာလက်မှုပညာဖြင့် တန်ဆာဆင်ထားသော ယဉ်ကျေးမှု အရာများ (ပန်းထိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်)၊ ကမ္ပည်းစာများ၊ ရှေးဟောင်းခေတ်အဆက်ဆက် ကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ၊ အခြားရုပ်တုများ၊ စဥ့်ကွင်း၊ စဥ့်ကွက်၊ အုတ်ခွက်များစသည်ဖြင့် တန်ဖိုးမဖြတ်နိုင်သော လေ့လာသုတေသနပြုစရာများကို တွေ့ရှိလိုပါက 'ပုဂံ'သို့ သွား ရောက်ရမည်ဖြစ်သည်။
ပုဂံတွင်ရှိသော ရှေးဟောင်းယဉ်ကျေးမှု အမွေအ နှစ်များ၌ ပုဂံခေတ်ကာလမှ လက်ရာများသာမက နောက်ပိုင်း ခေတ်အဆက်ဆက် ထပ်မံတည်ထားကြသော၊ မွမ်းမံပြင်ဆင် ထားကြသော ခေတ်အဆက်ဆက် သမိုင်းဝင်လက်ရာများကို လည်းလေ့လာနိုင်ကြ၏။
ဗုဒ္ဓဘာသာဝင်များအတွက် ကိုးကွယ်မှု၊ ယုံကြည်မှု၊ ဂါရဝပြုမှု၊ ဖူးမြော်မှု၊ အလှူဒါနပြုမှု၊ လေ့လာ ဂုဏ်ယူမှုတို့ ပြုရန်၊ ပုဂံသို့ အရောက်သွားကြသလို ဗုဒ္ဓဘာသာဝင်မဟုတ်သော သူများ၊ သုတေသီများအတွက်လည်း လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝခန့် ကာလမှ နောက်ပိုင်း မြန်မာ့သမိုင်းအဆက်ဆက်၌ တည်ရှိခဲ့သော ရှေးဟောင်းမြန်မာ့ယဉ်ကျေးမှု အမွေအနှစ် အနု ပညာ၊ ပန်းဆယ်မျိုးပညာ၊ ကိုးကွယ်မှုဆိုင်ရာ လေ့လာဖွယ်ရာ သုတေသနပြုဖွယ်ရာများအတွက် ပုဂံသို့ သွားရောက်ကြသည်။ မြန်မာ့ရှေးဟောင်း အမွေအနှစ်များပြားစွာရှိသော ဒေသဖြစ်၍ မြန်မာနိုင်ငံသားများအနေဖြင့် 'မြန်မာမှန်လျှင် ပုဂံရောက်ဖူးရမည်'၊ မြန်မာနိုင်ငံရောက် ကမ္ဘာလှည့်များ ခရီးသွားဧည့်သည် များဆိုလျှင်လည်း 'မြန်မာနိုင်ငံရောက်လျှင် ပုဂံအရောက်သွား သင့်သည်' ဟူသော အဆိုများရှိခဲ့ပေသည်။
ယခုအခါ ပုဂံသို့ရောက်သည့်အလား နေရာတစ်ခု သို့ ရောက်ရုံမျှဖြင့် အတော်အတန်ပြည့်စုံသော ပုဂံခေတ်လက် ရာအတော်များများကို လေ့လာနိုင်သော နေရာတစ်ခု ပေါ်ထွက် လာခဲ့၏။ ပုဂံခေတ် ၁၁ နှင့် ၁၂ ရာစု၊ ပင်းယခေတ် ၁၃ရာစုကျော် အထိ နှစ်ပေါင်း ၃ဝဝခန့် ကာလတစ်ခုအတွင်း ရှေးဟောင်းမြန်မာ့ ယဉ်ကျေးမှု လက်ရာများပါဝင်သည့် သာသနိကဆိုင်ရာ ဗိသု ကာ၊ အဆောက်အအုံ၊ ကိုးကွယ်မှုဆိုင်ရာဗုဒ္ဓရုပ်ပွားတော်အစုံစုံ၊ ပန်းဆယ်မျိုးဆိုင်ရာ အလုပ်အဆောင်များ၊ အုတ်ခွက်၊ က မ္ပည်းစာ၊ ကျောက်စာ၊ အင်္ဂတေစာသာမက ရှားရှားပါးပါး အန္ဒာဂူ (Dolomite) ရုပ်ပွားတော် (ကျောက်ဆစ် ပန်းတမော့လက်ရာ)ကိုပင် တစ်နေရာတည်း လေ့လာ နိုင်သော နေရာတစ်ခုဖြစ် သည်။
ထိုနေရာမှာ သွားရလာရ ခက်ခဲသော နေရာမဟုတ်။ လမ်းပန်းသာသော နေရာတွင် တည်ရှိသည်။ မန္တလေးမြို့နှင့် မဝေးလှသော ကျောက်ဆည်နယ်တွင်ဖြစ်၏။ မန္တလေးနှင့် ကျောက်ဆည်မှာ မိုင်သုံးဆယ်ခန့်သာ ကွာဝေးပေသည်။ ကျောက်ဆည်မှ ခြောက်မိုင်ခန့်တွင် တမုတ်ရွှေဂူကြီးဘုရားရှိပါ သည်။ ကျောက်ဆည်မြို့မှ အနောက်မြောက်ဘက်သို့ ဦးတည် သော ကျောက်ဆည်တံတားဦးလမ်းပေါ်တွင် ရှိပေသည်။ကျောက်ဆည် မှသွားလျှင် ဇရပ်ဖြူရွာ၊ ညောင်ရွေရွာများကိုလွန် သော အခါ ညောင်ပင်ဇောက်ရွာကို တွေ့ရပါသည်။ ညောင်ပင် ဇောက်ရွာအနီး၌ လမ်း၏ဝဲဘက်သို့ခွဲသော လမ်းလေးတစ်ခုရှိ ရာ တမုတ်ရွှေဂူကြီးသို့ လမ်းညွှန်ဆိုင်းဘုတ်ရှိပါသည်။ တမုတ်မြို့ ဟောင်းနေရာဖြစ်၏။ လမ်းခွဲထိပ်မှ ကိုက်သုံးရာခန့်ဝင်သွား သော် ရွှေဂူကြီးဘုရားနှင့် ရွှေဂူကျောင်းတိုက် အဝန်းအဝိုင်းသို့ ရောက်ပါသည်။ တမုတ်ရွှေဂူကြီးဘုရားသည် ညောင်ပင်ဇောက်၊ ကြောင်ပန်းကုန်းနှင့် ငယ်တိုးရွာသုံးရွာတို့၏ အလယ် တွင်တည်ရှိ၏။
တမုတ်သည် ပုဂံခေတ်က စိုက်ပျိုးရေးနယ်မြေ၊ ပုဂံ ပြည်၏ ဝမ်းစာတိုက်ဟု တင်စားခေါ်ဝေါ်ကြသော လယ်တွင်း ၁၁ ခရိုင် (နောင်သော် လယ်တွင်းကိုးခရိုင် ဟုခေါ်ကြသည်) အတွင်းတည်ရှိသည်။ ပန်းလောင်၊ ဇော်ဂျီ၊ စမုံ၊ စမာ၊ ဒုဋ္ဌဝတီ (မြစ်ငယ်)စသည့် မြစ်ချောင်းများ ယှဉ်သွယ်စီးဆင်းရာ ကျောက်ဆည်လွင်ပြင်ဒေသအတွင်း ဖြစ်၏။ ပုဂံခေတ်က ထိုလယ်တွင်း ၁၁ ခရိုင်ကို ပုဂံမင်းတို့က စိုက်ပျိုးရေးနယ်မြေ၊ ကာကွယ်ရေး အတွက် ခံမြို့များအဖြစ် အားထားခဲ့သော ဒေသ ဖြစ်သည်။ စိုက်ပျိုးရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး တို့အတွက် ထိုဒေသကို အလေးထားခဲ့သလို ဘာသာရေး၊ သာသနာရေးဆိုင်ရာ ဖွံ့ ဖြိုးရေးအတွက်လည်း ထိုဒေသ၌ ရွက် ဆောင်ခဲ့ကြ၏။ အနော်ရထာမင်း (၁ဝ၄၄-၁ဝ၇၇)သည် 'ဆပ် သွားကိုးဆူ၊ ဂူကိုးလုံး၊ ဆပ်သွားကိုးဆူ၊ ဂူကိုးဂူ၊ မုဋ္ဌောကိုးခု ဆည်ကိုးခု' ဟူသော ရှေးအစဉ်အလာ အမှတ်အသား စာဆို ရှိသည့်အတိုင်း လယ်တွင်း ၁၁ ခရိုင်၌ သာသနာရေးနှင့် လူမှု ရေးဆိုင်ရာ ကုသိုလ်ကောင်းမှု ပြုခဲ့သည်ဟူသော အဆိုရှိပေ သည်။
ပင်လယ်၊ ပြည်မနား၊ မြစ်သား၊ ရမုန်း၊ မြင်းခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်း၊ မက္ခရာ၊ တပျက်သာ၊ ခံလူးခရိုင်များ ၌ အနော်ရထာမင်းသည် ရွှေဂူကြီးဘုရားကိုးဆူ တည်ခဲ့သော အဆို၌ တမုတ်ရွှေဂူကြီးသည် တစ်ဆူအပါအဝင် ဖြစ်ကြောင်း အဆိုရှိသည်။ ထိုတမုတ်ရွှေဂူကြီးဘုရားမှာ ပုဂံခေတ်တွင် မူလ ကောင်းမှု ကုသိုလ်ရှင်အနော်ရထာမင်းက တစ်ထပ်ဂူဘုရား အဖြစ်တည်ခဲ့သည်ဆို၏။ အနော်ရထာတည်ပြီး နောက်နောင် အနှစ်တစ်ရာကျော်၌ ယိုယွင်းမှုများ ရှိလာသည့် ရွှေဂူကြီးဘုရား ကို နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)ကပြုပြင်၍ နှစ်ထပ်ဂူ ကျောင်းအဖြစ် ထပ်မံတည်ထားသည်ဆိုသည်။ ယင်းနောက် နှစ်ပေါင်း တစ်ရာကျော်၌ ပင်းယခေတ်တွင် ဥဇနာမင်း(၁၃၂၂- ၁၃၄၂) က ထပ်မံလွှမ်းငုံကာ စေတီတော်ကြီး တစ်ဆူအဖြစ် တည်ထားခဲ့သည်။ ဥဇနာမင်းကောင်းမှုမှာ ဂူဘုရားပုံစံမဟုတ် တော့။ ပုဂံရွှေစည်းခုံ စေတီပုံစံကိုယူ၍ 'တစ်ခဲနက်စေတီ' (စေတီရိုး)ကို မူလ ဂူဘုရားအား လွှမ်းငုံတည်ထားခဲ့သည်။
ပင်းယခေတ်လွန်ပြီးနောက် ထိုစေတီကြီးမှာ ထိန်း သိမ်းပြု ပြင်မှု မရှိတော့၍ တဖြည်းဖြည်း ယိုယွင်းပြိုကျ ပျက်စီးခဲ့ သည်။ နောက်ဆုံး အုတ်ကုန်းကြီးတစ်ခုအဖြစ်မှ ချုံနွယ်များပိတ် ၍ တောထနေသော ကုန်းတစ်ခု ဖြစ်ခဲ့သည်။ ၁၉၁၅ခုခန့်တွင် ကြောင်ပန်းကုန်းရွာမှ ဦးစံထွားက ဒါယကာပြုကာ အုတ်ကုန်း ကြီးထိပ်၌ Óဏ်တော်(၂၁)ပေခန့်ရှိ စေတီတစ်ဆူတည်ထားခဲ့ သည်။
၁၉၉၂ခုနစ်ခန့်တွင် ထိုဘုရားကုန်းကြီး အနီး၌ ရွှေဂူကျောင်းအမည်ဖြင့် ကျောင်းငယ်တစ်ခု ဖြစ်တည်လာကာ ဆရာ တော်အရှင်စန္ဒောဘာသ သီတင်းသုံးခဲ့သည်။ ထို့နောက်များ မကြာမီမှာပင် အုတ်ကုန်းကြီးအပြိုအပျက်ကြားမှ ၊ အုတ်ကုန်း၏ မြောက်ဘက်ပိုင်းအုတ်ကျိုးအုတ်ပဲ့များ အတွင်းမှမုခ်ပေါက် တစ်ခုပေါ်ထွက်လာရာ ဆရာတော်အရှင်စန္ဒောဘာသနှင့် ဒေသခံဒကာ၊ ဒကာမတို့က ကုန်းအောက်ခြေကို ရှင်းလင်းခဲ့ ကြသည်။ ပင်းယခေတ် ဥဇနာမင်းကောင်းမှု တစ်ခဲနက် စေတီ ကြီးအောက်အခြေပေါ် ထွက်လာခဲ့သည်။ ဆက်လက်ရှင်း လင်းကြရာ စေတီကြီး၏ ဖိနပ်တော် ပန္နက်အခြေ၊ ပစ္စယာအ ဆင့်အချို့၊ လှေကားခုံများ ပေါ်ထွက်လာခဲ့သည်။ အောက်ခြေ အရွယ်အစား အလျားကား ၉ ပေ ၆ လက်မရှိသည်ဆို၏။
၂ဝဝ၉ခုနစ်တွင် အပြိုအပျက်ကုန်းထိပ်၌ တည်ထား ခဲ့သော နှောင်းခေတ်စေတီငယ်အား ရွေှ့ ပြောင်းရန် ရှင်းလင်းခဲ့ ရာ စေတီတော်ကြီး ငုံလွှမ်းထားသော အောက်မှ မူလဂူဘုရား၏ ကွမ်းတောင်ပိုင်း ပေါ်ထွက်လာခဲ့၏။ ထို့နောက် မန္တလေးတိုင်း သံဃနာယက ဆရာတော်များ၊ ကျောက်ဆည်ဒေသမှ သာသနာ ရေးဦးဆောင် ဆရာတော်များ၊ လူပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းရှေး ဟောင်းသုတေသနဌာနခွဲမှ တာ ဝန်ရှိသူများ၊ ဒေသခံအုပ်ချုပ်ရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ မြန်မာ့ရိုးရာ ဗိသုကာပညာရှင်များ ဆွေးနွေးညှိနှိုင်း တိုင်ပင်ဆုံးဖြတ်ကြပြီး၊ အုတ်ကုန်းကြီးအား ဆက်လက်ရှင်းလင်းခဲ့ကြသည်။ အပြို အပျက်အောက်မှ ပုဂံခေတ်ရွှေဂူကြီး ဘုရားဂူကျောင်းကြီးပေါ် ထွက်လာခဲ့ ပေသည်။
မူလ ပုဂံခေတ်လက်ရာကို ပင်းယခေတ်၌ တစ်ခဲနက် စေတီကြီး တစ်ဆူအဖြစ် လွှမ်းငုံတည်ထားခဲ့ခြင်းတွင်၊ အုတ်များ ဖြင့် နောက်ဆုံးအလွှာလွှမ်းငုံခဲ့သည်၌ ရှေးမြန်မာဗိသုကာ ပညာရှင်များ၏ အလုပ်အဆောင်မှာ ပညာ ပါလှသည်။ အပြင် ဆုံးအထပ်လွှမ်းခြုံအုတ်များနှင့် မူလဂူဘုရားကြား၌ မြေသား တစ်ထပ်ထည့်၍ စီမံခဲ့ကြရာ ၊ ယခုလို အပေါ်အုတ်လွှာဖယ်၍ ပေါ်ထွက်လာသော ဂူဘုရား၌ လုပ်ဆောင်ထားသော အမွမ်း အပြောက် အစီအမံများ အနုပညာလက်ရာများမှာ အပျက်အစီး နည်းပါးစွာ ပေါ်ထွက်လာခဲ့ပေသည်။
ဂူဘုရားကြီးမှာ လုံးတော်ပြည့် နံရံပြည့် ဂူပြောက် အမျိုးအစား အမွမ်းအမံများဖြင့် ဆင်ယင်တည်ဆောက် ခဲ့သည် ဖြစ်၍ ပုဂံခေတ်၏ ရှားပါးလက်ရာများ ပေါ်ထွက်ခဲ့သည်။ ကွမ်းတောင်၏ အောက်အဆင့်ဆင့်တွင် ကြာမှောက်၊ ကြာလန်၊ ချင်မိတ်တိုး၊ လက်ပင့်ကြာ၊ ပန်းထောင်၊ နံရံအထက်ပိုင်းဖောင်း လုံးတန်းပတ်လည်၊ ဖောင်းလုံးတန်း အောက်ပန်းဆွဲတန်း၊ အောက်အဆင့်၌ နံရံပြည့်အင်္ဂတေပန်း၊ စိန်တန်း၊ ထောင့်ချုပ်၊ ခိုနန်းချိုး၊ တံကဲ၊ စိန်ထောင်၊ စိုင်ပေါင်၊ ထောင့်တိုင်ဖုံး၊ မုတ်ဆိတ်၊ မုခ်ပေါက်ဝိုင်း၊ မုခ်ပေါက်ချွန်၊ တံကဲပေါင်များ၊ နတ်လမ်းနှင့် နတ်လမ်းမုခ် တံကဲများ၊ မကရတို့တွင် လက်ရာမြောက်သော အနုစိတ် ပန်းတော့လက်ရာအပြည့် မွမ်းမံ ဖန်တီးထားသည်ကို တွေ့ရ၏။ ကံကောင်းထောက်မစွာ မူလလက်ရာအပျက် ရာခိုင် နှုန်းနည်းနည်း၊ အကောင်း လက်ရာ ရာခိုင်နှုန်းများစွာဖြင့်ပေါ် ထွက်လာသည်ကို တွေ့ ကြရသည်။
အမွမ်းအပြောက် ပန်းတော့လက်ရာများ၌ ငါးရာ့ ငါးဆယ်ဇာတ်ကွက်များ၊ ကုန်းနေတိရစ္ဆာန်ပေါင်းစုံ အရုပ်များ၊ ရေနေငါးသတ္တဝါအရုပ်များ၊ လေနေငှက်ရုပ်များတို့၏ အင်္ဂတေ ရုပ်ကြွများ၊ ဗုဒ္ဓဝင် ရုပ်ပွားများ၊ နတ်၊ လူ ၊ ဘီလူး၊ နဂါး၊ ဂဠုန်၊ မနုဿီဟ၊ ပန်းခက်၊ ပန်းဆွဲ၊ ပုလဲတန်း၊ ကြာရိုး၊ ကြာစွယ်၊ ကနုတ်ပန်း၊ ရွဲတန်းစသည်ဖြင့် လက်ရာမြောက် အမွမ်းအပြောက်များပါရှိသည်။ ပုဂံခေတ်ဂူ ဘုရားများ၌ နံရံများမှာ အများအားဖြင့် ဗြောင်ဖြစ်လေ့ရှိရာ ယခု တမုတ်ရွှေဂူကြီးမှာ ရှားရှားပါးပါး နံရံပြည့် အပြောက်အမွမ်း ပြည့်တွေ့ရသည်။ ဂူဘုရား၏ အရွယ်အစားမှာ လွန်စွာ မကြီးမား သော်လည်း လွန်စွာအချိုးအစားကျနသော ဗိသုကာပညာကို တွေ့ ကြရ၏။
ဂူဘုရားကြီး ပရိဝုဏ်တွင် တစ်ဝဂူနှစ်လုံးနှင့် ဗုဒ္ဓရုပ် ပွားတော်များလည်း တွေ့ရသည်။ လွှမ်းငုံဌာပနာ အဆင့်ဆင့်မှ ရုပ်ပွားဆင်းတုငယ်များ၊ ရုပ်တုငယ်များ၊ ပုဂံနှင့် ပင်းယခေတ် အုတ်ခွက်ဘုရားများ၊ ကျောက် ခေတ်လက်နက်၊ အင်္ဂတေစာ၊ ကမ္ပည်းစာ၊ ကျောက်စာများလည်း ပေါ်ထွက်ခဲ့၏။ ထို့အပြင် ရှားရှားပါးပါး ပန်းတမော့လက်ရာ အန္ဒဂူကျောက်ရုပ်ပွား ဆင်းတု တော်တစ်ဆူမှာ တစ်ဝဂူတစ်ဆူအတွင်းမှ ပေါ်ထွက်လာရာ တမုတ်ရွှေဂူကြီးဘုရားမှ ပေါ်ထွက်လာသော ရှေးဟောင်းအမွေ အနှစ်များက စုံလင်လှသည်။ ထို့အပြင် ပရိဝုဏ် အတွင်း၌ ပျူခေတ်အလုပ်အဆောင်ဆန်သော ပုဂံခေတ်ဦးဓလေ့ဟုယူ ဆရသည့် အရိုးအိုး အချို့လည်းတွေ့ရ ပြန်သည်။
ထူးခြားသော အနေအထားတစ်ခုအနေဖြင့် ပုဂံ၊ ပင်းယကာလ နှစ်ပေါင်းသုံးရာအတွင်း နှစ်တစ်ရာ ကျော်စီခြား သော ဗုဒ္ဓဆင်းတုတော်သုံးဆူကို တစ်ပြိုင်နက်တည်းလေ့လာ နိုင်သော အခွင့်အရေးတစ်ရပ် ပေါ်ထွန်းခဲ့ပြန်သည်။ တမုတ်ရွှေဂူ ကြီးတွင်တွေ့ရသော အရွယ်ကြီး ဗုဒ္ဓရုပ်ပွားတော်များမှာ နှစ်သုံး ရာကျော်အတွင်း သုံးကြိမ်ပြုပြင်မွမ်းမံခဲ့ရာ၌ မူလရုပ်ပွားတော် များကို အဆင့်ဆင့်လွှမ်းငုံထားဟန်အားပလ္လင်တော်များ အနေ အထားအရ အကဲခတ်မြင်တွေ့ရသည်။ ထိုအခြေအနေကိုဂူ ဘုရားကြီးအဓိက ရုပ်ပွားတော်၏ အခြေ ပလ္လင်တော်အား ဖောက်၍ အတွင်းပိုင်းအား တူးဖောက်ကြည့်နိုင်ခဲ့၏။ ထိုတူး ထုတ်ထားချက်အား ပြသထားနိုင်ရာ သုံးဆင့်ငုံထားသည်ကို သိ သာစွာ မြင်တွေ့ ရသည်။ ဂူဘုရားကြီး၏ဆင်းတုတော် တစ်ဆူ ကိုမူ ဝမ်းဗိုက်တော်၏ အလယ်ပိုင်းနှင့်အောက်ခြေ အပါအဝင် ပလ္လင်တော်အား အပိုင်းလိုက်လွှာ၍ ပုံစံမပျက်တူးဖော်ခဲ့ရာ ပုဂံ ခေတ်အနော်ရထာမင်း အချိန်ကတည်ထားခဲ့သော ဆင်းတု တော်၏ မျက်နှာတော်၊ ဒုတိယတည်ထားသော နရပတိစည် သူမင်း အချိန်ကဆင်းတုတော် အပြည့်အစုံ ဒုတိယလွှမ်းငုံ ရုပ်ပွားတော်၊ တစ်ဖန်ပင်းယခေတ်ဥဇနာမင်း အချိန်ကနောက်ဆုံး လွှမ်းငုံတည်ထားခဲ့သော ဆင်းတုတော်သုံးဆူတို့မှာ ပလ္လင် အခြေတစ်နေရာတစ်ခုတည်းပေါ်၌ အလွှာသုံးထပ်စလုံး အ ကောင်းပကတိအနေအထား ပေါ်ထွက်လာခဲ့ပေသည်။
ဆင်းတုတော်အား သုံးထပ်လွှမ်းငုံတည်ထားခဲ့ရာ ၌ တစ်ဆူနှင့် တစ်ဆူနှစ်ကာလရာချီ၍ ကွာခြားချိန်များ၌ တစ်ထပ် နှင့်တစ်ထပ် လွှမ်းငုံပုံမှာ အင်္ဂတေခြင်း ဆက်စပ်မနေဘဲကြား တွင် မြေသားလွှာပါး တစ်ထပ်စီခြား၍ ငုံလွှမ်းတည်ထားခဲ့ကြသော ရှေးမြန်မာဗိသုကာပညာရှင်များ၏ အလုပ်အဆောင်တို့၏ ကျေးဇူး၊ မျက်မှောက်ပြန် လည် ဖော်ထုတ်သော မြန်မာမှုဗိသု ကာ ပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ)၏ ကျေးဇူးတို့ဖြင့် ယခု အချိန်ပြန်လည် ဖော်ထုတ်တွေ့ရှိချိန်၌ ဆင်းတုတော်များမှာ မူလ လက်ရာ မပျက်မယွင်းဘဲ သူ့အထပ် သူ့အဆင့်နှင့်သူ ဖူးတွေ့နိုင်ရသည်ဖြစ်၏။ နှစ်တစ်ရာကျော်စီ အချိန်ကာလခြား၍ ထုလုပ် ပူဇော်ထားသော ခေတ်အလိုက်လက်ရာ ဆင်းတုတော် သုံးဆူအား တစ်နေရာတည်း တစ်ပြိုင်နက်တည်း ဖူးတွေ့လေ့ လာနိုင်ကြပေသည်။ ရုပ်ပွားတော် များကလည်း သူ့ခေတ်ကာလ နှင့် သူလက်ရာမြောက်စွာ သပ္ပာယ်လှစွာဖြင့် ထူးခြားစွာ တွေ့ မြင်နှိုင်းယှဉ် လေ့လာ နိုင်ပေသတည်း။
အကိုးအကား
၁။ မောင်ဝင်းမောင် (တမ္ပဝတီ)၏ တမုတ်ရှင်ပင် ရွှေဂူကြီး စေတီ တော် စာအုပ်ငယ်။ ၂ဝ၁၁ ခု၊ မတ်လ။
၂။ မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ) ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန ဦးစီးဌာနထုတ်။ ၂ဝဝ၉ခုနစ်။
၃။ သန်းထွန်း၏ နယ်လှည့်ရာဇဝင်၊ သုံးတွဲပေါင်း ပထမအကြိမ်၊ ပြည့်စုံစာအုပ်တိုက်။ ၂ဝဝ၄ခုနစ်။

စိန်မျိုးမြင့်







No comments:

Post a Comment