မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ

နတ်တော်လ (ဒီဇင်ဘာ)


နတ်တော်လဘွဲ့
ရှစ်ခွင်ကို မြူဆင်လို့
ငွေနှင်းတဲ့ နုစို။
ဂမုန်းသဇင်တို့၊
စုံခွင်မှာ လေချိုညင်းက။
သုတ်သွင်းဘယ်ညာနှံ့၊
သင်းပျံ့ ပျံ့ချို။
ယုဂန္ဓိုရ်၊ တောင်မိုထိပ်ဖျား၊
ရွှေလစန္ဒီနှင့်၊
ဓိပထီရောင်ခြည်ဖြန်းတယ်၊
မြန်းတူကြွသွား။

ဖိုးသူတော်ဦးမင်း

နတ်ပွဲကျင်းပသောလ
တန်ဆောင်မုန်းလကို နေ့ပူ၊ ညချမ်းဖြင့် စလိုက်လေသည်။ နတ်တော်လရောက်လာပြန်တော့ နေ့ရော ညပါ ချမ်း အေးသောရာသီက အပြည့်အဝ ခိုဝင်လာချေပြီ။ ရန်ကုန်ကဲ့သို့ အောက်မြန်မာပြည်တွင် ရာသီဥတုက အပူကြီးလည်းမဟုတ်၊ အအေးကြီးလည်းမကျဘဲ နေလို့ကောင်းရုံရှိသလောက် အထက်မြန်မာပြည်နှင့် မြောက်ဘက်တောင်တန်းဒေသများတွင် နှင်းဖြန်းရွှန်းစိုကာ တကယ်ပဲ ချမ်းစိမ့်နေလေတော့သည်။
လမြတ်နတ်တော်တွင် ကောက်သစ်ငယ်တို့ ပေါ်ဦး ဖြစ်ခြင်းကြောင့် တောင်သူလယ်သမားများအတွက် အလုပ်အား ရလိုက်သော ရာသီထူး ဖြစ်ချေသည်။ ဆက်တိုက်ဆိုသလို ကျင်းပကြသော ဒေသဆိုင်ရာ ဘုရားပွဲများ၊ ဘာသာရေးပွဲများ၏ တေးဂီတ သီချင်းသံများသည် လေထုထဲပျံ့လွင့်လျက်ရှိနေပေ လေသည်။
ရိုးရာနွယ်ဝင်နတ်များကို အသိအမှတ်ပြုသော ပွဲတော်များကို ဤလအတွင်းဝယ် ကျင်းပကြလေသည်။ မြန်မာ့ အသုံးဖြစ်သော 'နတ်' ဟူသည် အထက်ကောင်းကင်ယံမှ တန်ခိုးကြီးသော နတ်ဒေဝါများမှသည် အနိမ့်ဘုံမှာ နေထိုင်ကြ ကုန်သော ဝိညာဉ်လောကသားများ သို့မဟုတ် ဘုံမရှိ၊ အိမ်မရှိ အစာရေစာ လှည့်လည်ကျက်စားကြကုန်သော သရဲတစ္ဆေများ အထိ အလုံးစုံပါဝင် အကျုံးဝင်နေပေသည်။
သရဲတစ္ဆေယုံကြည်မှုနှင့် ဗုဒ္ဓဘာသာဝါဒတရားတို့ သည် မြန်မာ့လူ့အဖွဲ့အစည်းနှင့် မြန်မာ့ဓလေ့အကျင့်စရိုက်များ တွင် ဒွန်တွဲတည်ရှိနေခြင်းကို မြန်မာ မဟုတ်သော နိုင်ငံခြားသား များအနေနှင့် နားလည်နိုင်မည် မဟုတ်ချေ။ မိရိုးဖလာ မြန်မာ ဗုဒ္ဓဘာသာဝင်အတွက် နတ်တွေတကယ်ရှိသည်ဟူသော အချက်နှင့် ကိုယ့်ဆန္ဒရှိလျှင် သူတို့ကို ပူဇော်ပသကြသည်ဟူ သော အချက်တို့ကို ယုံကြည်ရသည်မှာ ထမင်းစားရေသောက် ပင် ဖြစ်လေသည်။
၁၁ ရာစုတွင် ပုဂံပြည့်ရှင် အနော်ရထာသည် ထေရ ဝါဒဗုဒ္ဓဘာသာကို တည်ထောင်ခဲ့စဉ်က ရွှေစည်းခုံ ၊ ပုဂံ စသော ဘုရားများတွင် နတ်ရုပ်နတ်နန်းတို့ကို နေရာပေးခဲ့လေသည်။ လူတွေကိုလည်း နတ်များကို ကိုးကွယ်ခွင့်၊ ပူဇော်ပသခွင့်တို့ကို ပေးထားလေသည်။ နတ်များအပေါ် အလွန်အကျူးအားကိုး အားထားပြုနေကြသည်ကို အယုံအကြည်မရှိသူများသည် ထေ ရဝါဒဗုဒ္ဓဘာသာတည်းဟူသော ယုံကြည်ကိုးကွယ်ဆည်းကပ် ရာ အသစ်တစ်ခုကို မိတ်ဆက်ပေးပို့ရန် ကူညီပေးရာ ရောက်နေ ပေတော့သည်။ နတ်များအား ပူဇော်ပသမှုများသည် ဗုဒ္ဓတရား တော်ဘောင်အတွင်းကငါးပါး သီလစောင့်ထိန်းမှုနှင့် အလွန် အလှမ်းဝေးကွာလျက်ရှိနေပေ သည်။ ထို့ကြောင့် တိရစ္ဆာန်များ ကို သတ်၍ ယဇ်ပူဇော်ခြင်း သည် ဗုဒ္ဓတရားတော်နှင့်လုံးလုံး ကြီး ဆန့်ကျင်နေပေတော့သည်။
ဗုဒ္ဓဘာသာ၏ အခြေခံဝါဒတစ်ခုမှာ ချစ်ခြင်း၊မုန်း ခြင်း တည်းဟူသော ဘဝသံသရာစက်ဝိုင်းအတွင်းဝယ် သက်ရှိ သတ္တဝါလူနတ်ဗြဟ္မာအပေါင်းမှန်သမျှကို တစ်ဦးနှင့်တစ်ဦး တွေ့ ကြုံဆုံစည်းကာ လှည့်ပတ်နေထိုင်လျက်ရှိနေကြသည်ဟူ ၍ဖြစ်လေသည်။ ရှိရှိသမျှသောဋ္ဌာနေဘုံအဆင့်ဆင့်က သက်ရှိ သတ္တဝါအားလုံး၏ ကံတရားသည် မိမိပြုသမျှသော ကောင်းမှု၊ မကောင်းမှုအတိုင်း အဆုံးအဖြတ်ပေးလေသည်။
မြတ်စွာဘုရား၏ တရားဒေသနာတော်တို့တွင် နတ် ဒေဝါများကို ဖော်ညွှန်းထားလေသည်။ ဗုဒ္ဓမြတ်စွာရှင်တော် ဘုရားကိုယ်တော်တိုင်ပင် ဘုရားအဖြစ်သို့ ရောက်ဖို့ရန် သိဒ္ဓတ္ထ မင်းသားအဖြစ် မမွေးဖွားမီက နတ်ဘုံနတ်နန်းမှာ ဖြစ်တည်ခဲ့ရပေလေသည်။ ဘုရားဖြစ်တော်မူသောအခါ တရားခွင်တွင် တရားတော်များဟောကြားခဲ့ရာ နတ်များသည် အဓိကအခန်း ကဏ္ဍမှာ ပါဝင်နေပေတော့သည်။ နတ်များသည် မြတ်စွာဘုရား ကို ကြည်ညိုသော နောက်လိုက်နောက်သားများ ဖြစ်လာခဲ့ကြ ပေတော့သည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်က နတ်တွေကို ပူဇော် ပသခြင်းသည် သူငယ်ချင်း မိတ်ဆွေတစ်ယောက်ကို ပေးကမ်း စွန့် ကြဲလိုက်သကဲ့သို့ မိသားစုဝင်တစ်ဦးအပေါ်ထားရှိသော ချစ် ခြင်းမေတ္တာ၊ အကြင်နာတရားစသော စစ်မှန်သော တကယ့် အနှစ်သာရများပါဝင်သွားလေပေတော့သည်။ နတ်ဟူသည်ကား ပုထုဇဉ်လူသားများကဲ့သို့ပင် သူတို့ကျင်လည်ကြရာ ဘုံဌာန အဆင့်ဆင့်ဝယ် နေထိုင်ကြရင်း မဆုံးသော ဘဝသံသရာထဲ လှည့်လည်နေကြရသူများ ဖြစ်ပေသည်။ နတ်အများစုသည် ဘုရား၏ နောက်လိုက်များ ဖြစ်နေကြသောကြောင့် ဘုရားပရိ ဝုဏ်များတွင် နတ်တွေကို နေရာပေးထားကြလေသည်။ ထို နတ်များသည် ဘုရားဖူးများ၏ သာယာပျော်ရွှင်ချမ်းမြေ့မှုကို ကြည့်ရှုစောင့်ရှောက်သူများဖြစ် သည်ဟု လူအများက လက်ခံယုံ ကြည်နေကြလေပေတော့သည်။
နတ်တော်လသည်ကား နတ်တို့ကိုပူဇော်ပသကိုးကွယ် ကြသော ပွဲတော်များ ကျင်းပရာ လဖြစ်ပေသည်။ ထိုနတ်ကနားပွဲ များကို မိသားစုတသီးတသန့် ကျင်းပကြသော်ငြားလည်း ရင်း နှီးသော မိတ်ဆွေအပေါင်းအသင်းများ၊ အိမ်နီးချင်းများက တေး သီချင်း၊ ဂီတအကများတွင်ပါဝင်ကာ ဆင်နွှဲနိုင်ကြလေသည်။
နတ်ကနားပွဲများကို မိသားစု သို့မဟုတ် အဖွဲ့အစည်း များက ကျင်းပကြရာ နတ်ဝင်သည်ပညာရှင်များကို ဖိတ်မန္တက ပြုထားကြလေသည်။ ထိုနတ်ဝင်သည်များကား နတ်တို့၏ အဆောင်အယောင် အဆင်အပြင်နတ်ဝတ်နတ်စားများနှင့် နတ်များကို ကိုယ်စားပြုသူများ ဖြစ်ချေသည်။ ဆောက်လုပ်ထား သော မဏ္ဍပ်တွင်းက နတ်စင်ပေါ်ဝယ် နတ်များကို ပသထားကြ သော အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်း၊ ဖယောင်းတိုင်၊ အသီးအနှံများ၊ အဖျော်ယမကာမှအစ နတ်တို့နှစ်သက်သော အစားအသောက် တို့ဖြင့် နတ်တင်ထားကြလေသည်။
ဒဏ္ဍာရီထဲက ရုပ်သဏ္ဌာန်များဖြစ်သော နဂါးရုပ် များ၊ အဆင်းငါးဖြာဖြစ်သော မြင်းကိုယ်၊ ငှက်တောင်ပံ၊ သမင် ဦးချို၊ ငါးကြင်းအကြေးခွံခန္ဓာ၊ ဆင်နှာမောင်းတို့ဖြင့် ပြည့်စုံသော ပဉ္စရူပရုပ်တု အစရှိသည်တို့ဖြင့် ထုဆစ်ထားသော ဆိုင်းဝိုင်း ကြီးအတွက် နေရာက သီးသန့်ဖယ်ထားသည်။
နတ်တို့ပိုင်စိုးလိုက်သော နတ်ဝင်သည်တို့၏ ကကြိုး ကကွက်များမှာ ဝင်ပူးလိုက်သော နတ်တို့၏အသွင်သဏ္ဌာန်၊ ဟန်အမူအရာများစီးဝင်ကာ လိပ်ပြာဝင်လျက် ရှိပြီး၊ အဆက် မပြတ်တီးနေသော နတ်ချင်းကလည်း မြူးမြူးကြွကြွနှင့် ပနံရ လျက် ရှိနေလေတော့သည်။ ယင်းအဖြစ်သနစ်သည် မြူးကြွ မြိုင်ဆိုင်မှုအတိဖြင့် ပြီးကာ ပွဲကြည့်ပရိသတ်တို့ကလည်း ဝင်ပါ နိုင်၊ တစ်ခါတစ်ရံ လူတွေကလည်း ဝင်ဆင်နွှဲနိုင်ကြပေတော့ သည်။
နတ်ကနားပွဲများသည်ကား နတ်စုံနတ်အပေါင်းတို့ ၏ အချစ်၊ အလွမ်း၊ ပျော်စရာ၊ ရွှင်စရာဇာတ်များ ပေါင်းစုံစုစည်း ကာ ကပြကြသော ရိုးရာပွဲတော်များ ဖြစ်လေသည်။ မြန်မာ့ဇာတ် သဘင်တွေထဲက အတီးအမှုတ်အကအခုန်အဆိုများသည် နတ်ကနားပွဲများ၏ အခြေခံအုတ်မြစ်ချရာ ဖြစ်နေပေတော့ သည်။
တစ်ခါတစ်ရံတွင် မိမိတို့၏ ဓလေ့ထုံးစံဘောင်အတွင်းမှ ကျော်လွန်နေသော ဗုဒ္ဓဟောကြားတော်မူသော တရား တော်များနှင့် မကိုက်ညီသော နတ်ကနားပွဲများလည်း ရှိလေ သည်။ တချို့မှာ သောက်စားမူးယစ်အပျော်ကြူးကာ ကြမ်းကြမ်း တမ်းတမ်းသတ်ပုတ်မှုများနှင့် ဖြစ်လေသည်။ ယင်းအပြုအမူ များကို ဗုဒ္ဓဘာသာစစ်စစ်များက ငြိုငြင်ကြလေသည်။ သို့ရာတွင် ပုထုဇဉ်လူသားပီပီ ပွဲလမ်းသဘင်၊ အကအခုန်ဟူသည် မရှိ မဖြစ်သော လိုအပ်ချက်ဖြစ်နေရကား ထိုလိုအပ်ချက်တွေရှိနေ သရွေ့ ဤရိုးရာနတ်ပွဲများက ဖြည့်ဆည်းပေးနေရပေတော့ရာ လူ့စိတ်ဖိစီးမှုတွေကလည်း ဤအခိုက်အတန့်လေးမှာတော့ဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေရာ၊ ကျွတ်လွတ်သက်သာရာရ နေ လေပေတော့သတည်း။

ဂျူနီယာဝင်း

No comments:

Post a Comment