မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Tuesday, December 20, 2011

တက္ကသိုလ်နယ်မြေနှင့် ကိုက်တစ်ထောင်အတွင်း မူးယစ်သေစာ ရောင်းချမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားမြစ်သွားမည်

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်နှင့် အခြေံပညာကျောင်းများ အနီး ကိုက် ၁၀၀၀ အကွာအဝေးအတွင်း အရက်သေစာများ ရောင်းချခြင်းကို ထိရောက်စွာ တားမြစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ စီမံချက်ကို နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံး၌ ဖော်ဆောင်သွားမည် ဖြစ်ပြီး တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်နှင့် စာသင်ကျောင်းများ အနီး ကိုက်တစ်ထောင် အတွင်းရှိ စားသောက်ဆိုင်များ၌ မူးယစ်သေစာ ရောင်းချခွင့် တားမြစ်ခြင်းကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ စတင် အကောင်အထည်ဖော်သည့် အနေဖြင့် တက္ကသိုလ်အတွင်းနှင့် ပြင်ပ စားသောက်ဆိုင်များ အားလုံးကို မူးယစ်သေစာ မရောင်းချပါဟူသော ကတိပြုချက်ကို အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရုံးက လက်မှတ်ရေးထိုးစေခြင်း စတင်နေပြီ ဖြစ်ကြောင်း၊ ဆက်လက်၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“တက္ကသိုလ် ကျောင်းသားပဲ ဖြစ်ဖြစ်၊ အထက်တန်းကျောင်းသားပဲ ဖြစ်ဖြစ် အရက် ဘီယာနဲ့ လုံးဝမအပ်စပ်ပါဘူး။ ကျောင်းသားအရွယ်တွေ မူးနေတဲ့ မြင်ကွင်းက အတော်လေး ကြည့်ရဆိုးပါတယ်။ ကျောင်းထဲမှာ ခိုးရောင်းတယ်၊ ကျောင်းနားမှာ ဆိုင်တွေရှိပြီး လွယ်လွယ်ဝယ်လို့ ရတော့ ပိုသောက်ဖြစ်တယ်။ ကျောင်းဖွင့်ရက် ကျောင်းပြေးပြီး ရုပ်ရှင်ရုံ၊ ပန်းခြံ၊ ကစားကွင်း စတဲ့ နေရာတွေမှာ သောက်စားထားကြတာ မကြာခဏ တွေ့နေရလို့ ဒီစီမံချက်ကို ကြိုဆိုပါတယ်။ စာရိတ္တမြင့်မားမှ ပညာမြင့်မား လာမှာပါ။ ဒီစီမံချက်ကို ထိထိရောက်ရောက်နဲ့ စွဲစွဲမြဲမြဲ အကောင်အထည်ဖော်သွား စေချင်ပါတယ်” ဟု ကမာရွတ်မြို့နယ်နေ ကထိက တစ်ဦးက သူ၏ အမြင်ကို mmDailyNews သို့ ပြောပြခဲ့သည်။



ထို့အတူ ဒဂုံတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးကလည်း ကျောင်းတွင်း အရက်ရောင်းချမှုနှင့် ပတ်သက်ပြီး သူ၏ အတွေ့အကြုံကို အောက်ပါအတိုင်း ပြောပြခဲ့သည်။

“ကျောင်းထဲက ဆိုင်တစ်ဆိုင်က လက်သိပ်ထိုးရောင်းပါတယ်။ အရက်ရယ်လို့တော့ မဟုတ်ဘူး။ အအေးနည်းနည်းနဲ့ ရောပြီး ရှန်ပိန်ဆိုပြီး စကားဝှက်နဲ့ ရောင်းပါတယ်။ ကျောင်းသားချင်းချင်း တစ်ဆင့်စကားနဲ့မို့ အဲဆိုင် အတော်လေး ရောင်းရပါတယ်။ နည်းနည်းလည်း လှမ်းတဲ့နေရာ ဖြစ်နေတာကိုး။ အဲလို လွယ်လွယ်ရတော့ မိန်းကလေးတွေကပါ ယောက်ျားလေးသူငယ်ချင်း၊ ရည်းစား စတာတွေနဲ့ လာသောက်ကြတယ်။ တစ်ခွက်ကို ၄၀၀ ကျပ်လောက်နဲ့ ရောင်းတာ။ ကျွန်တော်တို့ အဖွဲ့ထဲ အရက်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းတစ်ယောက် ပါလို့ သိရတာက အဲဒီဖျော်ရည်ထဲ ရောတာက အပေါစား အရက်ဆီပါတဲ့။ ဒါကြောင့် နည်းနည်းလေး ရောရုံနဲ့ အတော်လေး မူးတာကိုး။ အန္တရာယ်ရှိမှာ ကြောက်လို့ နောက်တော့ သွားမသောက်တော့ပါဘူး။ ကျောင်းက သတိပေးလဲ အဲဆိုင်က ခဏပဲ ရပ်တာပါ။ ကြာရင် ပြန်ရောင်းပါတယ်။ အားကျလို့ နောက်တစ်ဆိုင်တောင် ပေါ်လာသေးတယ်”

ကြားသိရသော သတင်းတစ်ပုဒ်အရ တက္ကသိုလ် နယ်မြေနှင့် နီးသော အင်းယားလမ်းပေါ်ရှိ စားသောက်ဆိုင်များတွင် အရက်ဘီယာ ရောင်းချခြင်း မပြုရန် သက်ဆိုင်ရာမှ တားမြစ်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment