မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Tuesday, December 20, 2011

 မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်မှုကြောင့် စီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံး ထိခိုက်စေသည့် အတွက် ဗဟိုဘဏ်မှ ကိုင်တွယ်ဖြေရှင်းပေးရန် ဟားဗတ်ပညာရှင်အဖွဲ့ တိုက်တွန်း

မြန်မာကျပ်ငွေ ဈေးနှုန်း မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ဈေးနှုန်း ကျဆင်းနေမှုကြောင့် မြန်မာစီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်စေသည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကိုင်တွယ် ဖြေရှင်းပေးရန် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ မက်ခရို စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ်လုံး တည်ငြိမ်မှုရှိဖို့လိုတယ်။ မက်ခရို ဆိုတာက စီးပွားရေးတစ်ခုလုံးကို  ခြုံကြည့်တာ။ သစ်ပင်တစ်ပင်ချင်းကို ကြည့်တာမဟုတ်ဘဲ သစ်တောတစ်ခုလုံးကို ခြုံကြည့်တာပါ။ အဲဒီ မှာ အဓိကက Money Supply ပဲ။ သိပ်မတက်အောင် ထိန်းရသလို သိပ်မကျအောင်လည်း ထိန်းနိုင်ဖို့လိုတယ်။ ငွေလဲနှုန်းက အရေးကြီးဆုံးပဲ။ ငွေလဲနှုန်းက ဈေးနှုန်းအားလုံးရဲ့ မိခင်ဈေးနှုန်းဖြစ်ပါတယ်။ ဒါကြောင့် ခုလိုငွေလဲနှုန်း အခြေအနေကို ပြင်ဆင်ပြောင်းလဲနိုင်ဖို့ လိုတယ်။ ဒီအခြေအနေမှာ ဗဟိုဘဏ်က ၀င်ရောက်ထိန်းကျောင်း ပေးဖို့ လိုလာပါပြီ။ ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေကို ဈေးကွက်ထဲထည့်ပေးပြီး ဈေးကွက်ထဲက နိုင်ငံခြားငွေတွေကို ဆွဲထားပေးသင့်တယ်။ တစ်နည်းပြောရရင် ဈေးကွက်ထဲ က အမေရိကန်ဒေါ်လာကို ၀ယ်ပေးတာမျိုးလုပ်ပေးဖို့ တိုက်တွန်းပါတယ်။ အခုထိန်းရင် အခုရတယ်။ ၁၅မိနစ်၊ တစ်ရက်နဲ့ ပြောင်းလဲပေးနိုင်တယ်”  ဟု ဒီဇင်ဘာလ ၁၅ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ် များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ဟားဗတ်တက္ကသိုလ်မှ  စီးပွားရေးပညာရှင် Mr Thomas J Vallely က ပြောကြားပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေလဲနှုန်းများမှာ ကျဆင်းလျက်ရှိသည့်အတွက် တောင်သူများ၊ အခြေခံလူတန်းစားများ၊ လူလတ်တန်းစားများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပါအ၀င် လူအားလုံးထိခိုက်မှုကြုံတွေ့နေရကြောင်း၊ စီးပွားရေးကဏ္ဍတွင် ငွေလဲနှုန်းမှာ အရေးပါဆုံးဟု ယူဆနိုင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ငွေလဲနှုန်း အခြေအနေကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကျဆင်း နိုင်သကဲ့သို့ ရှိနှင့်ပြီး စီးပွားရေးအခြေအနေမှ ပြန်လည်ထိုးကျနိုင်ကြောင်း Mr Thomas J Vallely က ဆွေးနွေး ခဲ့ကြောင်း သိရပါသည်။
ပြည်သူ့လွှတ်တော်ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက လည်း” မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှုက အခြေအနေအများကြီးနဲ့ သက်ဆိုင်နေပါတယ်။ မမြင်ရတဲ့ ဒေါ်လာတွေဝင်နေတာကြောင့်လည်း ပါတယ်။ ဗဟိုဘဏ်ကနေ ဒေါ်လာ ကို ၀ယ်ပေးပြီး ကျပ်ငွေထုတ်ပေးဖို့ နည်းလမ်းအတွက် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ လုပ်နိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ဆိုပါသည်။

No comments:

Post a Comment