မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Tuesday, December 20, 2011

သမ္မတ အရပ်ခိုင်းသော်လည်း ကချင်တွင် တိုက်ပွဲများ ဖြစ်နေဆဲ

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ်ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန်က ညွန်ကြားထားသော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်များနှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေ သည်ဟု KIO က ပြောသည်။

မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂၊ ၁၅၊ ၂၇ နှင့် မိုးမောက်မြို့နယ် တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နယ်မြေများအတွင်း ထိုးစစ်ဆင်မှုများလည်း နေ့စဉ်ဖြစ်ပွားနေခြင်း ဖြစ်သည်။

“အင်အားတိုးလာတာက တပ်မ ၉၉ စစ်ဆင်ရေး နေရာမှာ စကခ ၁ဝ လက်အောက်ခံ တပ်ရင်းတွေ ပြန်ဖြည့်တယ်။ တပ်အင်အားလျော့တာလည်း မရှိသေးဘူး။ သူတို့တပ်တွေ ကျနော်တို့ နယ်မြေထဲ ရှိနေသရွေ့ တိုက်ပွဲကတော့
ဖြစ်နေဦးမှာပဲ။ သမ္မတက ညွန်ကြားထားပေမယ့် ရှေ့တန်းတပ်ဖွဲ့တွေက စစ်မြေပြင်ခွင်မှာ ရောက်နေတော့ တိုက်ပွဲ က ငြိမ်းဖို့မရှိဘူး” ဟု KIO ပြောခွင့်ရ ဦးလနန်က မဇ္စျိမကို ပြောသည်။
meetlotdaw0101
အစိုးရတပ်များ ထိုးစစ်ရပ်ဆိုင်းထားရန် သမ္မတ ဦးသိန်းစိန်က ညွန်ကြားထားသော်လည်း KIA တပ်များနှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေ (ဓါတ်ပုံ မဇ္ဈိမ)

ယနေ့ နေ့လယ်ပိုင်းကလည်း မန်စီမြို့နယ် KIO တပ်ရင်း ၁၅ နယ်မြေရှိ အစိုးရတပ်များရှိသည့် လွယ်ရင်းစခန်း ကိုလည်း ရဟတ်ယာဉ်တစီးဖြင့် လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းပေးနေသည်ဟု KIA ရှေ့တန်းသတင်းများအရ သိရသည်။

ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အစိုးရတပ်စခန်းသို့ ရိက္ခာပို့ရန်နှင့် အင်အားထပ်ဖြည့်ရန် ဝင်ရောက်လာသည့် ခလရ ၁၄၂ နှင့် ၃၇ တပ်မှ အင်အား ၁ဝဝ ခန့်နှင့်လည်း ယနေ့နံနက်ပိုင်းက တိုက်ပွဲများ ဖြစ်ခဲ့သည်။

“ကျနော်တို့က စစ်အလုံးအရင်း ဝင်လာပြီဆိုရင် ပစ်ရမှာဘဲ။ ပစ်လိုက်တော့ မဝင်နိုင်ဘူး၊ ဒီမနက် မနက် ၄ နာရီ
ကျော်ကနေ ပြန်ပစ်တာ သူတို့ နောက်ဆုတ်လိုက်ရတယ်လို့ ပြောတယ်။ အဲဒီအနောက်မှာ ဒိန်ဂါရွာဆိုတာရှိတယ်။ ကျနော်တို့ လိုက်ပစ်တယ်။ အဲဒီမှာ ဒေါ့ဖုန်းယန်ကနေ တောင်ဘက် ၃ မိုင်လောက် ဝေးမှာရှိတဲ့ ဒိန်ဂါရွာက သူတို့က အိမ်တွေ မီးရှို့လိုက်တယ်”ဟု ရှေ့တန်းသတင်းရပ်ကွက်မှ အရာရှိတဦးက ပြောသည်။

ဆုတ်ခွာသွားသည့် အစိုးရတပ်များက ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တောင်ဘက်ရှိ ဒိန်ဂါကျေးရွာမှ KIO ဆေးခန်း အပြင်
နေအိမ် ခုနစ်လုံးကို ယနေ့နံနက် ကိုးနာရီခန့်က မီးရှို့ဖျက်ဆီးခဲ့သည်။

ကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်နှင့် ခုခံကာကွယ်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလက ၁ဝ ရက်နေ့က သမ္မတဦးသိန်းစိန်က ညွန်ကြားထားခဲ့ခြင်း ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ ၄ နယ်မြေ လက်အောက်ခံ အမှတ် ၈ တပ်ရင်းနှင့် မန်တုံ မြို့နယ် အခြေစိုက် အစိုးရတပ်များလည်း တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်သည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္ဈိမကို ပြောသည်။

KIO အနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးမှုကို လိုလားပြီး အစိုးရဘက်ကမှ အကောင်အထည် မဖော်ခြင်းကြောင့်သာ ယခုကဲ့သို့ တိုက်ပွဲများ ဆက်ရှိနေရခြင်းဖြစ်သည်ဟု ရှုမြင်သည်။ KIO မှာ နိုဝင်ဘာလ ၂၉  ဂက်နေ့ကလည်း တရုတ်နိုင်ငံ၌ အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ၌လည်း နိုင်ငံရေးအရသာ ဖြေရှင်းလိုကြောင်း တင်ပြခဲ့ပြီး
ဖြစ်သည်။

ဒီဇင်ဘာလ ၉  ရက်နေ့ကလည်း KIO နှင့် သီးခြားတွေ့ဆုံရန်အတွက် ပြည်ထောင်စုအဆင့် ညှိနှိုင်းရေးအဖွဲ့ကို
ပြင်လည်ပြင်ဆင် ဖွဲ့စည်းထားသည်ဟုလည်း KIA သတင်းရပ်ကွက်အရ သိရသည်။

ယင်းအဖွဲ့ကို ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ဦးဆောင်ကာ မီးရထားဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးအုန်းမြင့်၊ ဦးခက်ထိန်တို့ ပါဝင်သည်ဟုလည်း သိရသည်။

ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ညှိနှိုင်းရေးအဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးခင်ရီ၊ သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်အပါအဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည်။

 “ကျနော်တို့ KIO ကတော့ ဘယ်သူနဲ့ဖြစ်ဖြစ် နိုင်ငံရေးအရ စကားပြောမယ်ဆိုရင်တော့ ဘယ်သူနဲ့ ဖြစ်ဖြစ်
ဆွေးနွေးမှာပါ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတော့ လုပ်ရတော့မယ်ဆိုတာ သူတို့မှာ ရှိမယ်လို့ ထင်တာပဲ။ အဲဒါကြောင့် ခုလို အဖွဲ့တွေ ဖွဲ့လာတယ်လို့ ထင်တာပဲ” ဟု ဦးလနန်က ပြောသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၄၆,ဝဝဝ ကျော်ရှိနေပြီ ဖြစ်သည်။ ယင်းဒုက္ခသည် များအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ဒီဇင်ဘာလ ၁၂ ရက်နေ့က သွားရောက်ကူညီခဲ့မှုမျာ ရှိပြီး ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့်ပစ္စည်းများကိုမူ KIO ဘက်က လက်မခံဘဲ ငြင်းဆန်ခဲ့သည်။

မိုးမောက်မြို့နယ်ခွဲ လွယ်ဂျယ်နှင့်တဖက်ကမ်း လာရိန်းမြို့ရှိ ဒုက္ခသည် ၂,ဝဝ ကျော်နှင့် တရုတ်ဘက်ခြမ်း မန်းဝင်းကြီး နမ်တောင်ဒေသရှိ ဒုက္ခသည် ၇,ဝဝဝ ကျော်မှာလည်း အိမ်သာလုံလောက်မှု မရှိခြင်းကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ် ရှိနေသည်ဟု သိရသည်။

“သူတို့တွေက တရုတ်ထဲဖြစ်တော့ အခက်အခဲတွေ ရှိတယ်။ တောတွေမှာ ခွင့်ပြုချက်မရဘဲ ထင်း၊ သစ်၊ ဝါးတွေ မခုတ်ရဘူး။ တရုတ်ပြည်ထဲဖြစ်တော့ တရုတ်ခွင့်မပြုရင် လုပ်လို့ မရဘူး။ နမ်တောင်းပါဆိုတဲ့နေရာက လယ်ကွင်းဖြစ် တယ်။ လူများတော့ အိမ်သာတွေ မဆံ့ဘူး။ အိမ်သာမလုံလောက်တော့ ကျန်းမာရေး ထိခိုက်လာနိုင်တယ်” ဟု ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ဆိုသည်။

No comments:

Post a Comment