မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းတစ်ရပ် ထုတ်ပြန်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ခေါင်းဆောင်သော အဖွဲ့သည် အင်းစိန်အကျဉ်းထောင်နှင့် လှေလှော်အင်း ရဲဘက်စခန်းတို့သို့ သွားရောက်ခဲ့ပြီး သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ဒီဇင်ဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံတွင်- မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ခေါင်းဆောင်ပြီး စုစုပေါင်း (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်သို့ လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ လှေလှော်အင်း ရဲဘက်စခန်းသို့လည်းကောင်း သွားရောက်ခဲ့သည်။ အစောပိုင်းကလည်း အဖွဲ့ဝင် (၄) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် မြစ်ကြီးနားအကျဉ်းထောင်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် သွားရောက်ခဲ့သည်။ ယင်းကဲ့သို့ သွားရောက်ခြင်းဖြင့် အကျဉ်းသားများ နေ့စဉ် နေထိုင်စားသောက်မှုနှင့် ပြစ်ဒဏ်အသီးသီး ကျခံနေသည့် အကျဉ်းသားများ၏ အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိရှိလေ့လာခွင့် ရရှိခဲ့သည်။ အကျဉ်းထောင်နှင့် ရဲဘက်စခန်းတို့သို့ သွားရောက်လေ့လာမှုနှင့် တွေ့ဆုံမေးမြန်းမှုများကို အခြေခံကာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် အောက်ပါအတိုင်း သုံးသပ်အကြံပြုအပ်ပါသည်။ အင်းစိန်အကျဉ်းထောင်၌ ထားရှိသည့် အကျဉ်းသားအရေအတွက်သည် အများဆုံး ထားရှိနိုင်သည့် အရေအတွက်ထက် များစွာကျော်လွန်လျက်ရှိပါသည်။ အကျဉ်းထောင်အတွင်း ကျပ်တည်းစွာ နေထိုင်ရမှုသည် အကျဉ်းသားများ အဆင်မပြေမှုများ၏ အခြေခံအကြောင်းတရား ဖြစ်သဖြင့် အဆိုပါအခြေအနေကို အချိန်မီ အရေးယူဆောင်ရွက်သင့်ပါသည်။ တရားစခန်းများ ဖွင့်လှစ်ပေးထားခြင်းသည် ရေရှည်တွင် အကျဉ်းသားများ၏ စိတ်အခြေအနေကို သိမ်မွေ့စေနိုင်သည်ဟု ကော်မရှင်အနေဖြင့် ရှုမြင်ပါသည်။ အဆိုပါ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း အလေးအနက် အကြံပြုအပ်ပါသည်။ ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်များအတွက် ကျမ်းစာလေ့လာမှု၊ ကက်သလစ်ဘာသာဝင်များအတွက် အာပတ်ဖြေမှုနှင့် ကိုယ်တော်မြတ်ပင့်ယူနိုင်ရေးတို့အတွက်လည်းကောင်း၊ မွတ်စလင်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များအတွက် ဘာသာရေးအစီအစဉ်များကိုလည်းကောင်း သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးသင့်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ အကျဉ်းထောင်ဝင်းအတွင်း၌ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာဓမ္မာရုံတို့ကို တွေ့ရှိရသဖြင့် ကော်မရှင်အနေဖြင့် ဝမ်းမြောက်မိပါသည်။ တွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအနေဖြင့် နိုင်ငံတော်သမ္မတက ထပ်မံ၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်နေကြကြောင်းဖြင့် ထုတ်ဖော်ပြောကြားကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ကော်မရှင်သည် ကျန်ရှိနေသော အကျဉ်းသားများအနက် နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးခြင်း မရှိနိုင်သည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတထံ တပ်ပြမေတ္တာရပ်ခံခဲ့ပါသည်။ အဆိုပါ မေတ္တာရပ်ခံချက်ကို ကော်မရှင်က လေးနက်စွာ ထပ်လောင်း တင်ပြအပ်ပါကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment