မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ဗဟိုဘဏ် သီးသန့် ရပ်တည်ခွင့်ပြုမည်

ဗဟိုဘဏ် သီးသန့် ရပ်တည်ခွင့်ပြုမည်
မြန်မာနိုင်ငံဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွဲထုတ်ပြီး သီးခြားရပ်တည်ခွင့်ပြုရန် စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြားသည်။ “အခုတော့ ဗဟိုဘဏ်က ပြင်ပအခြေအနေသိပေမယ့် ဘာမှမလုပ်နိုင်ဘူး။ ဒါက စီးပွားရေး ငွေရေးကြေးရေးမှာ ပြဿနာဖြစ်လာတယ်။ ဒါကြောင့် မြန်မြန်ခွဲထုတ်မှဖြစ်မယ်။ ၂၀၁၂မှာဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လက်ရှိဗဟိုဘဏ်သည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်၌ ရှိနေသဖြင့် ခွင့်ပြုချက်မရလျှင် မည်သည့်လုပ်ငန်းကိုမှ မလုပ်ဆောင်နိုင်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ပြင်ပ၌ရှိနေသော ငွေရေးကြေးရေး အခြေအနေကို အမြဲမပြတ်လေ့လာပြီး တင်ပြဆွေးနွေးရန်လိုအပ်ကြောင်း ဦးအောင်သောင်းကဆိုသည်။

နိုင်ငံတကာတွင် ဗဟိုဘဏ်သည် သီးခြားရပ်တည်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ငွေလဲနှုန်းကိုလည်း ဈေးကွက်နှင့်ညီမျှအောင် ဗဟိုဘဏ်မှ ဆောင်ရွက်နိုင်ကြောင်း ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကဆိုသည်။ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် လုပ်ငန်းသဘောသဘာဝချင်း မတူညီပေ။ ဗဟိုဘဏ်က (Monetry Policy) ငွေကြေးဆိုင်ရာ မူဝါဒကိုသာ ချမှတ်ရသည်။ ပြည်တွင်း ငွေကြေးတန်ဖိုး ငွေလဲနှုန်းစသည့် လုပ်ငန်းတို့ဖြစ်သည့် (Fiscal Policy) ဘဏ္ဍာရေး မူဝါဒကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကသာ ဆောင်ရွက်ရသည်။ တိုင်းပြည်၏ဘဏ္ဍာရေးအခြေအနေ၊ ဘတ်ဂျက်တို့ကို အဓိကဆောင်ရွက်ရသည်။ အဆိုပါ လုပ်ငန်းနှစ်ခုကို ခွဲခြားခြင်းသည် တစ်ခုကိုတစ်ခု အပြန်အလှန် ထိန်းကျောင်းသည့် စနစ်ဖြစ်ပါက စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သည်။

ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်ခွင့် ပေးရမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်များလည်း ပေးရန်လိုအပ်သည်။ ထို့အပြင် ဗဟိုဘဏ်တွင် အမှန်တကယ် ကျွမ်းကျင်နားလည်သည့် အသိပညာရှင်များစွာ လိုအပ်ကြောင်းကို ဦးသန်းလွင်ကဆိုသည်။ ဈေးကွက်အတွင်း၌ ငွေလဲနှုန်းများ ရုတ်တရက်ကျဆင်းလျှင် ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဝင်ရောက်ဝယ်ယူပေးခြင်း၊ ဘဏ်များ၏ အတိုးနှုန်းများ မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်သည်။ ယင်းကဲ့သို့ပင် ငွေလဲနှုန်း ရှိသင့်သည်ထက် များစွာမြင့်တက်လာပါက ဗဟိုဘဏ်က နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခြင်း၊ အတိုးနှုန်းများ လျှော့ချပေးခြင်းတို့ကို ပြုလုပ်ကြသည်။ သို့မှသာ ငွေလဲနှုန်းတည်ငြိမ်ပြီး ပြည်တွင်းစီးပွားရေး တိုးတက်မှုကိုလည်း အားကောင်းစေသည်။ နိုင်ငံတကာ၌ ငွေလဲနှုန်းကို ၁၀ ရာခိုင်နှုန်းဝန်းကျင်အတွင်းသာ အတက်အကျခံပြီး ယင်းထက်ကျော်လွန်ပါက ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းသိမ်းလေ့ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

Credit: ပြည်သိမ်း (7Day News Journal)

No comments:

Post a Comment