မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Wednesday, December 21, 2011

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများတွင် စစ်ရာဇဝတ်မှု ဆိုင်ရာ ပြစ်မှုများ

kachinကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများတွင် စစ်ရာဇဝတ်မှု ဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို ကချင်ပြည်နယ် အစိုးရမှ စုံစမ်းဖော်ထုတ် သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းမှ မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ပြု လုပ်ခဲ့သည့် “လုံခြုံ ရေးအတွက် ပြောင်းရွှေ့ လာသူတို့အား အလှူငွေ ပေးအပ်ခြင်း အခမ်းအနား”တွင် ပြောကြား သွားပါသည်။
“သတင်းတွေ ဘယ်လိုပဲ ထွက်ပေါ်နေပါစေ၊ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မှာ ဒီလို ဖြစ်ရပ်တွေဟာ ဘယ်လောက်အထိ အထောက်အထား ခိုင်မာလဲ၊ ဘယ်လောက်အထိ သေချာတဲ့ ဖြစ်ရပ်လဲဆိုတာ ကျွန်တော်တို့ စနစ်တကျ စိစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အခမ်းအနား၌ ပြောကြား သွားခဲ့ပါသည်။
စစ်မြေပြင် ဖြစ်ခဲ့ရသည့်ဒေသက ရှေ့တန်းစခန်း ဒေသများတွင် ကျေးရွာ မီးရှို့ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပေါ်တာ အထမ်းသမားများအဖြစ် ဖမ်းဆီး ခေါ်ဆောင်မှုခံရခြင်း၊ အပစ်မဲ့ ပြည်သူ အရပ်သား များအား ညှင်းပန်း သတ်ဖြတ်ခြင်းများ စသည့် စစ်ရာဇဝတ်မှု ဆိုင်ရာပြစ်မှုကျုးလွန်မှုများ ရှိမရှိကိုလည်း ကချင်ပြည်နယ် အစိုးရက စနစ်တကျ စုံစမ်းဖော်ထုတ်သွားမည်ဟု သိရသည်။ အဆိုပါ ဖြစ်ရပ်များ ရှိခဲ့ ကြောင်းကိုလည်း ပေါ်တာထမ်းရန် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသူ ကချင်ပြည်နယ်တွင် နေထိုင်သည့် ဗန်းမော်ချောင်း ဇာတိ ရွာသား တစ်ဦးက ပြောပါသည်။
entrance-to-laiza
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာသို့အဝင်ဝပုံ (ဓါတ်ပုံ - အင်တာနက်)
“လဲလုံ ရွာကနေ ကြိုးတုပ်ပြီးမှ တစ်ခါတည်း ကြိုးတုပ်ပြီးကို ခေါ်သွားတာ၊ တစ်လကျော်နီးပါး အထမ်း ထမ်းခိုင်းတဲ့ အထဲ ပါသွား တယ်”ဟု ဆိုပါသည်။ နောက်တစ်ဦးကမူ “ကျွန်တော်တို့ကို ခလရ ၁၂၁ မှ ကနေ ဖမ်းသွားတာ၊ အားလုံးပေါင်း ငါးယောက် ပါသွားတယ်၊ နှစ်ယောက်ကတော့ ကချင်၊ နှစ်ယောက်ကတော့ ဗမာ၊ ကျွန်တော် တစ်ယောက်ပဲရှမ်း၊ ထီးချိုင့်က တစ်ယောက် မိုးညှင်းက တစ်ယေက်၊ မိုးကောင်းက တစ်ယောက်၊ မိုးကောင်းက ကောင်ကိုတော့ သတ်ပစ်လိုက်တယ်၊ တစ်ခါတည်း ခြေဖနောင့်နဲ့ ကန်ပြီးမှ ဆို၊ ဒီလိုမျိုး လက်မြှောက် ထားတာတောင်မှ လက်ချ၊ လက်ချ တစ်ခါတည်း နောက်စိကို ပစ်သတ် လိုက်ပြီး တောင်အောင်ကို ကန်ချ လိုက်တာ ပြီးသွားရော၊ နန့်ဆိုင်က တွေ့တဲ့ လူတွေဆိုရင် အမေးအမြန်း မရှိဘူး” ဟု ထွက်ဆိုထားပါသည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ စပြီး ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် စစ်အစိုးရတို့ စတင် အပစ်အခတ် ရပ်စဲ ခဲ့ပြီး (၁၆) နှစ်နှင့် (၆) လသို့တိုင် ရောက်ရှိခဲ့ကာ၊ ပြီးခဲ့သည် ၂၀၁၁ ဇွန်လ (၉) ရက်နေ့မှ KIO နှင့် စစ်အစိုးရကြား တင်းမာမှု စတင် ဖြစ်ပွားခဲ့ပြီး၊ ဇွန်လ (၁၃) ရက်အထိ KIO က မပစ်ခတ်ရန် စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံး အခြေအနေအရ တိုက်ပွဲကို အကောင် အထည်ဖော် ခဲ့ရသည်။ နိုင်ငံတော် သမ္မတက ကချစ်စစ်ပွဲအား ရပ်ဆိုင်းစေရန် ကက(ကြည်း) သို့ ညွှန်ကြားချက် ပေးထားပြီး ဖြစ်သော်လည်း ယနေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသေးသဖြင့် ကချင် ရှေ့တန်း စစ်မျက်နှာပြင်သို့ အစိုးရဘက်မှ တပ်ရင်းများ ယခင်ကထက် ပိုမို ပို့ဆောင်နေလျက် ရှိကြောင်းလည်း သိရသည်။
temporary-camp-for-kachin-refugees-2
ကချင်စစ်ပြေးဒုက္ခသည်များ၏ ယာယီနားခိုရာ စခန်းတစ်ခုပုံ (ဓါတ်ပုံ - Human Rights Watch)
“အဲဒီ ဒေသမှာ ရှိကြတဲ့ ပြည်သူပြည်သား အားလုံးက ငြိမ်းချမ်းရေးကို လိုချင်ကြတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို ခိုင်မာတဲ့ အထောက်အထား တွေပဲ ပြပါစေ၊ ဒါဟာ စစ်ကြောင့် ကြုံရတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ကိစ္စမျိုးတွေ မကြုံရ လေအောင် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အားလုံး ကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြောကြားလိုပါတယ်” ဟု ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းမှ နှစ်ဖက် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေး ဖော်ဆောင်စေရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ ပြည်တွင်း၊ ပြည်ပ မီဒီယာများ၌ ပျံ့နှံ့လျက် ရှိနေသည့် ကချင်စစ်ပွဲ၏ အနိဌာရုံ သတင်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများအား အမှန်တစ်ကယ် ဖြစ်ပွားခဲ့မှု ရှိမရှိ၊ စစ်ရာဇဝတ်မှု မြောက် မမြောက်ကို စုံစမ်းဖော်ထုတ်မည့် ကချင်ပြည်နယ် အစိုးရ၏ လုပ်ဆောင်ချက်ကို အများစောင့်ကြည့်နေကြပါသည်။

No comments:

Post a Comment