မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

လူငယ်မှလူငယ်သို့

ခုခေတ်ကလေးတွေ စာမဖတ်ကြဘူးဆိုတဲ့ စကားကို ခဏခဏကြားနေရပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း မိဘတော်တော်များများက စာဖတ်တာကို အားမပေးကြပါဘူး။ ကျောင်းစာတော့မဖတ်ပဲ တခြားစာတွေကိုဖတ် တယ်ဆိုပြီး တင်းတင်းကြပ်ကြပ် တားမြစ်ကြပါတယ်။ နောက်ပြီးဝတ္တုဖတ်လျှင် ငယ်ငယ်နဲ့ ရည်းစားထားမယ် အိမ်ထောင်ကျမယ်ဆိုတဲ့ အစွဲနဲ့စာဖတ်တာကို ပိတ်ပင်တာအဆိုးဆုံးပါပဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ၀တ္တုစာအုပ်ကို ကောင်းကောင်းမမြင်ဖူးတဲ့ သူငယ်ချင်းပေါ့ ဆယ်တန်း အောင်ပြီးတော့သူက ဆရာဖြစ်သင်တန်းသွားတက်ပြီး ကျောင်းဆရာမဖြစ်သွားပါတယ်။ အဲလိုနဲ့ပဲ သူတာဝန်ကျတဲ့  ရွာက ဆယ်တန်းကျောင်းသားလေး တစ်ယောက်နဲ့ အိမ်ထောင်ကျသွားပါတယ်။ သူ့မိဘတွေက စာအုပ်ဖတ်ဖို့ ပိတ်ပင်ခဲ့သလို သူဟာ သူ့မိဘတွေတားမြစ်ထားတဲ့ ၀တ္တုတွေကိုလည်းမဖတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ စောစီးစွာ အိမ်ထောင်ကျခဲ့ပါတယ်။ စာအုပ်တွေမဖတ်ရင်လည်း စောစီးစွာအိမ်ထောင်ကျတတ်ပြီး စာအုပ်တွေကို ငယ်ကတည်းက ဖတ်ခဲ့ပေ့မယ် သင့်တော်တဲ့အရွယ်ရောက်မှ အိမ်ထောင်ကျတဲ့သူတွေ ဒုနဲ့ဒေးဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ အိမ်ထောင်ရေးနဲ့ တိုက်ရိုက်အချိုးမကြပါဘူး လို့ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ်။

ကျွန်တော် ဆိုလိုချင်တာက စာပေဆိုတာ ကိုယ့်ဘက်က ယူတတ်ရင် ကိုယ့်အတွက် အကျိုးဖြစ်စေတဲ့ အရာပါ။  လူကြီးမိဘတွေက စာဖတ်ခြင်းကို မပိတ်ပင်သင့်သလို အခြားသောဝါသနာထက်သန်ရာ အနုပညာ ကိစ္စများမှာလည်း မြေတောင်မြှောက်ပေးသင့်ပါတယ်။ အဆိပ်အတောက်စာပေလို့ထင်ရတာမျိုးကို မဖတ်စေပဲ မိဘကိုယ်တိုင်က သင့်တော်မဲ့စာပေမျိုးကိုရွေးချယ်ပြီး ဖတ်ခိုင်းတာမျိုးလုပ်သင့်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေကိုယ်တိုင်ကလည်း စာများများဖတ်ဖို့လိုအပ်ပါတယ်။ ဒီခေတ်မှာ စာပေဟောပြောပွဲဆိုတာကိုမသိတဲ့ လူတွေလည်းဒုနဲ့ဒေးပါ။ တီဗွီဂိမ်းတွေ နည်းပညာတွေက ကျွန်တော်တို့ရဲ့ စာနာထောက်ထားမှုတွေ ကိုယ်ချင်းစာစိတ်တွေကို မွေးဖွားပေးနိုင်ခြင်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ဘ၀အနေအထား အတွေးအခေါ်တွေကို ပြောင်းလဲအောင် လုပ်ပေးနိုင်တာက ရသစာပေ၊ သုတစာပေ စတဲ့စာအုပ်တွေပါ။ စာတစ်အုပ်မဟုတ်ပါဘူး စာကြောင်းလေးတစ်ကြောင်းကြောင့်လည်း လူ့ဘ၀တစ်ခုလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့ပါ ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် စိတ်ညစ်ခဲ့ဖူးတာတွေ ရှိသလို မျှော်လင့်ချက်ကင်းမဲ့အောင် အားလျှော့စိတ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ကျွန်တော် ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီလိုသွေးဆုတ်ဖြူရော်သွားအောင် စိတ်ဓါတ်ကျတတ်တဲ့ ကျွန်တော့်ကို စာအုပ်ကောင်းတွေက ကုစားပေးခဲ့ကြတယ်။

‘ဆင်ခြင်တုံတရားနဲ့ ထက်မြက်တဲ့ အတွေးအခေါ်ဟာ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀တန်ဘိုးနဲ့ လက်နက်ပဲတဲ့’ အဲဒီအတွေးအခေါ်တွေ လက်နက်တွေကို ကျွန်တော်တို့ ဘယ်ကနေရမလဲ။ မြောက်များလှစွာသော စာအုပ်တွေထဲက နေပဲရနိုင်ပါတယ်။ ခုခေတ်ကောင်မလေး အတော်များများဟာ အနောက်တိုင်းယဉ်ကျေးမှုကို အတုယူအားကျပြီး  အတုယူမှားစရိုက်မှားတွေနဲ့ နေထိုင်နေကြပါတယ်။ တခြားနိုင်ငံရဲ့ ယဉ်ကျေးမှုကို အတုခိုးမယ်ဆိုရင်လည်း သေချာလေ့လာသင့်တယ်လို့ထင်ပါတယ်။ သူတို့နိုင်ငံတွေမှာ ညဘက် ဒင်နာသွားတဲ့ဝတ်စုံကို နေ့ခင်းဘက် ကျောင်းတက်ရာမှာ ၀တ်ဆင်လေ့ရှိလား ဆိုတာမျိုးကိုတောင်မှ သေချာမသိပဲနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲကလို မင်းသမီးလေးဝတ်ထားတော့ လှလိုက်တာ ဆိုပြီး လိုက်ဝတ်တာမျိုး ကိုယ်သွားရမဲ့နေရာ အချိန်အခါနဲ့ ကိုယ့်နိုင်ငံရဲ့ ရာသီဥတုနဲ့လိုက်ဖက်ခြင်းမရှိတဲ့ ၀တ်စား ဆင်ယင်မှုမျိုးတွေကို ၀တ်ဆင်နေကြတာ တွေ့ရပါတယ်။ မိကောင်းဖခင်သားသမီး ပညာတတ်တွေပါလို့ သူတို့တွေ ပြောကြဆိုကြပါလိမ့်မယ်။  မိဘအရှိန်အ၀ါနဲ့ ငါကဘယ်သူ့သားသမီးပဲဆိုပြီး မိဘမျက်နှာမထောက်ထားပဲ  နေချင် သလိုနေတတ်တဲ့အကျင့်က ကိုယ့်မိဘရဲ့ဂုဏ်သရေကိုလည်း ညှိုးနွမ်းစေပါတယ်။ ကျွန်တော်ကတော့ ကိုယ့်အဖိုး ဘယ်သူဆိုတာထက် ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ့်အဖိုး သိအောင်လုပ်ပြနိုင်မှ တကယ့်လူတော်ပဲလို့ထင်ပါတယ်။ ဆရာကြီး ဦးတက်တိုးရဲ့ မောင်တို့မယ်တို့တိုးတက်စေဖို့ ဆိုတဲ့စာအုပ်မှာ ရေးထားတာကို ကျွန်တော်ဖတ်ခဲ့ဖူးတာလေးပါ။ “သူဌေးသားဟာ သူဌေးမဟုတ်ဖူး  ပညာရှင် ပညာရှိတို့ရဲ့သားဟာ ပညာရှိမဟုတ်ဖူး။ မိဘများက ဂုဏ်သတ္တိရှိတာ မင်းဂုဏ်ယူဖို့မဟုတ်ဖူး။ မင်းမှာ မင်းပိုင်ဆိုင်တဲ့ဂုဏ်သတ္တိရှိမှ မင်းဟာ အဖိုးတန်တဲ့လူဖြစ်မှာပေါ့” တကယ့်ကို ထိမိတဲ့ဆုံးမ စကားလေးဖြစ်သလို ကျွန်တော်တို့လို ကိုယ်ဒူးကိုယ်ချွန် ရုန်းကန်ရသူတွေ အတွက်လည်း စိတ်ခွန်အားဖြစ်စေတဲ့စာ ဖြစ်ပါတယ်။

ပညာတတ်တွေ ပါဆိုတိုင်း ပညာရှိမဟုတ်တာကိုလည်း သတိပြုရပါမယ်။ အတန်းပညာမှာ မဟာတွေ၊ ဒေါက်တာဘွဲ့တွေ မိုးပျံအောင် ရနေပါစေ ကိုယ့်စောင့်ထိန်းဆင်ခြင်ရမဲ့ ကိုယ်ကျင့်တရားကိုတောင် မစောင့်ထိန်းနိုင်သူဟာ ပညာတတ်ပေမဲ့ ပညာရှိမဟုတ်ပါဘူး။ ပညာတတ်ဆိုတာကြီးကို ကျောင်းသင်ခန်းစာတွေက မွေးဖွားပေးတယ်။ ဒါပေမဲ့ ပညာရှိဆိုတာ ကိုတော့ စာအုပ်စာပေတွေကသာ မွေးဖွားပေးနိုင်တာပါ။ တချို့ကပညာမတတ်ပေမဲ့  ပညာရှိပါတယ်။ ပညာတတ်ပေမဲ့  ပညာမရှိတဲ့လူတွေက မိုက်မဲတဲ့လုပ်ရပ်တွေကို လုပ်ကိုင်တတ်သလို ပညာလည်းမတတ်ပညာလည်းမရှိတဲ့ လူတွေက ပိုပြီးမိုက်မဲတဲ့ အလုပ်ကိုလုပ်ကိုင် တတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာ ရိုးရာယဉ်ကျေးမှု ဆိုတာတွေကို ထိန်းသိမ်းဖို့ရာ ကျွန်တော်တို့လူငယ်တွေရဲ့ ဦးနှောက်စွမ်းရည် စိတ်စွမ်းရည် မြင့်မားနေဖို့လိုပါတယ်။ အဲလိုစိတ်သဘောထားမြင့်မြတ်ဖို့ရာ ဦးနှောက်စွမ်းရည်မြင့်မားဖို့ရာ စာအုပ်များများဖတ်ဖို့ပါပဲ။ စာအုပ်တစ်အုပ်ဖတ်လိုက်တာနဲ့  ရုတ်တရက် ချမ်းသာသွားတာမျိုးတော့ မဖြစ်နိုင်ပေမဲ့ စာဖတ်နာလာတာနဲ့အမျှ အရာရာကိုစဉ်းစားဆင်ခြင်ဥာဏ်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း တွေကို ရရှိမှာ ဖြစ်ပါတယ်။

ဂျွန်ဟော့ပကင်းတက္ကသိုလ်ရဲ့ ပါမောက္ခ စတိဗင်မူလာက “ ဒီနေ့ခေတ် တက္ကသိုလ်တွေဟာ ပညာတတ်လူကြမ်းကြီး  တွေကို မွေးထုတ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေအတွက် တကယ်လိုအပ်နေတဲ့ စာရိတ္တ ပညာရေးနဲ့ တန်ဘိုးထားတတ်မှုတွေကို သင်ကြားလေ့ကျင့်ပေးဖို့ သူတို့သင်ရိုးညွှန်းတမ်းမှာ မပါလို့ပါပဲလို့” ပြောကြားခဲ့ဖူးပါတယ်။ သင်ရိုးညွှန်းတမ်းမှာမပါတဲ့  စာရိတ္တပညာရေးကို ကျွန်တော်တို့ စာအုပ်စာပေတွေကနေ ရယူကြ ဖို့လိုအပ်ပါတယ်။ နည်းပညာတိုးတက်မှုတွေ မြင့်မားလာသလောက် စိတ်ယဉ်ကျေးမှု နိမ့်ပါးလာတဲ့ လူငယ်တွေကြားမှာ စာအုပ်ဖတ်ခြင်းကို အားဆေးသောက်သလို သောက်သုံးဖို့လိုအပ်နေပါပြီ။ စာလေးတစ်ကြောင်းနံရံမှာကပ်ထားရုံနဲ့ ဆောင်ပုဒ်လေးတစ်ခုကို မှတ်စုစာအုပ်မှာ ရေးထားရုံနဲ့ အောင်မြင်မှုကိုရနိုင်လို့လားလို့ တွေးထင်ကြမှာပါ။ ဒါပေမဲ့ စကားလုံးတိုင်းမှာ ခွန်အားတွေပါရှိပါတယ်။ ဖရန်ဆစစ်ခ်ဗေးကွန်း ကလည်း  “Reading make a full man.” စာဖတ်ခြင်းဟာ ပြည့်ဝတဲ့လူတစ်ယောက်ဖြစ်စေတယ် လို့ ပြောထားပါတယ်။



ကျွန်တော်ဖတ်ဖူးသမျှထဲမှာ သဘောကျတဲ့စာပိုဒ်လေးတစ်ပိုဒ်ရှိပါတယ်။ အဲဒါကတော့ “ Everybody wants to save the earth; nobody wants to help Mum to help with dishes” “လူတိုင်းဟာ ကမ္ဘာကြီးကို တယ်တင်ချင်ကြတယ်။ ဒါပေမယ့်…… အမေပန်းကန်ဆေးနေတာကိုတော့ ၀ိုင်းကူဖို့မစဉ်းစားဘူးတဲ့”။ ဆိုလိုတာက ကျွန်တော်တို့ တွေဟာ ကြီးကြီးကျယ်ကျယ် တွေလျှောက်လုပ်နေကြပေမဲ့ တကယ်တမ်းမှာ လုပ်သင့်တာတွေကိုမေ့လျှော့နေတတ်တာမျိုးတွေ အများကြီးရှိပါတယ်။ ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ထက် မိမိကိုယ်ကိုယ်တင်နိုင်တဲ့သူ မိမိပတ်ဝန်းကျင်ကို မိမိနိုင်ငံကို ကယ်တင်နိုင်တဲ့သူ ဖြစ်အောင် အရင်ဆုံး ကြိုးစားသင့်တယ် ဆိုတဲ့အတွေးလေးကို အဲဒီစာပိုဒ်လေးက ပေးသွားခဲ့ပါတယ်။ တွေးခေါ်တတ်တဲ့  စဉ်းစားဆင်ခြင်တတ်တဲ့ လူပီသတဲ့လူတစ်ယောက်ဖြစ်လာစေဖို့ ကျွန်တော်တို့လူငယ်တွေ စားများများဖတ်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်လို့ရ မရတော့ကျွန်တော်သေချာမသိပါ။ ဒါပေမဲ့ စာဖတ်ခြင်းဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်သည်ဟု ကျွန်တော် ရဲရဲဝံ့ဝံ ဆိုရဲပါသည်။
ရေးသားသူ
ယောဖြူ

No comments:

Post a Comment