မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ဖြစ်သင့်တာနဲ့ ဖြစ်နေတာ

b34_19
ဆရာ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ (၁၂.၁၀.၂၀၀၁)ပါ။ ဆရာကွယ် လွန်ခြင်းနှစ်လပြည့်နေ့ပါ။ ဒီနှစ်ဝါကျွတ်မှာ ဆရာကိုကိုယ်ထိလက်ရောက် မကန်တော့နိုင်တော့ စာရေးပြီး ကန်တော့ပါရစေဆရာ။ ဆရာကိုအများက ဆရာနန္ဒာသိန်းဇံအဖြစ် ပိုပြီးသိကြပါတယ်။ ဆရာကွယ်လွန်ခြင်း အမှတ်တရစာအုပ်မှာ တစ်ယောက်က ရေးတယ်။ ဆရာ့ကိုတစ်ခါမှမမြင် တွေ့ဖူးပေမဲ့ ဆရာရေးတဲ့ စာတွေဖတ်ပြီး ဆရာကို လေးစားကြည်ညိုလို့ လာရောက်ဂါရ၀ပြုနှုတ်ဆက်တဲ့အကြောင်း ရေးထားပါတယ်ဆရာ။ ဆရာကတက္ကသိုလ်ကျောင်းမှာ စာသင်ပေးတဲ့ ဆရာအဖြစ်သာမက ဆရာရဲ့စာတွေဖတ်တဲ့သူတွေအတွက် လည်း ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာကို လမ်းပြပေးခဲ့တဲ့သူပါ။
ဆရာ
ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့(၁၀.၁၁.၁၁)ပါဆရာ။ သီတင်းကျွတ်တစ်လလုံးလုံး စာတစ်ပုဒ်ပဲရေး နိုင်ခဲ့ပါတယ်။ ဆရာကွယ်လွန်ခြင်း တစ်လပြည့်နေ့က ကျွန်တော်လည်း ဂျပန်ကဗျာလေးတစ်ပုဒ်ရွတ်ပြီး ဆရာက တပည့်တွေကို လပြည့်လက်ဆောင်ပေးထားခဲ့တယ်လို့ ပြောမိပါတယ်။ စိတ်ထားပြည့်ဝပြီး ငြိမ်းအေး ပြေလွင်တဲ့ လပြည့်အလင်းရောင်နဲ့ ညအမှာင်ဘ၀ခရီးမှာ ဘ၀အဓိပ္ပာယ် နှင့် ဘ၀သစ္စာကို ရှာနိုင်ဖို့ပေးခဲ့တဲ့ လက်ဆောင်ပါ။ ၅.၁၀.၁၁ နေ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဟောပြောပွဲ ကျွန်တော်တို့ဒဂုံတက္ကသိုလ်မှာလည်း ကျင်းပခဲ့ပါတယ်ဆရာ။ ဆရာရေးခဲ့တဲ့ စာတွေထဲက ပညာရဲ့သင်္ကေတ အကြောင်းပြောခဲ့ပါတယ်။ ဆရာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖန်တီးဖော်ထုတ်ပေးရတဲ့သူတွေ ဖြစ်တယ်။ ပညာရေးဆိုတာ နိုင်ငံသား ကောင်း good citizen မွေးထုတ်ခြင်းလို့ ရှေးဂရိခေတ်မှသည် မျက် မှောက်ခေတ် ပညာရေးဒဿနထိ လက်ခံထားကြောင်းလည်း ပြောပါတယ်ဆရာ။ နိုင်ငံသားကောင်းဆိုတာ ကိုယ်ကျင့်တရားကောင်းပြီး နိုင်ငံအကျိုး အများအကျိုးလိုလားတဲ့စိတ်ထား အခြေခံပြီး အလုပ်လုပ်တဲ့ သူပါဆရာ။ မြန်မာ့ပါလီမန်ဒီမိုကရေစီခေတ်ဦး ဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဦးသန့်လည်း ရေးခဲ့ပါတယ်။ ဒီမိုကရေစီစနစ်အောင်မြင်ဖို့ ပညာရေးစနစ် အရေးကြီးကြောင်းပါ ဆရာ။
ဆရာ
ဆရာတို့ ကျွန်တော်တို့ရဲ့ ပညာရေးဘ၀မှာ ပညာရေးစနစ်တွေ ခဏခဏ ပြောင်းခဲ့ပါတယ်နော်။ ပညာရေးစနစ်တစ်ခုရဲ့ ရလဒ်ဆိုတာ ဆယ်စုနှစ်တစ်ခုမက ကြာမှသိရတယ်ထင်တယ်နော် ဆရာ။ တတိယကမ္ဘာမှ ပထမကမ္ဘာကိုရောက်စေတဲ့ စင်ကာပူ ပညာရေးစနစ်ပြောင်းဖို့ သုံးနှစ်ကြာ အောင်လွှတ်တော်အထိ အဆင့်ဆင့် ဆွေးနွေးပြုပြင်ခဲ့ကြတယ်လို့ ပညာ ရေးစီမံကိန်းရေးဆွဲရေးသုတေသန ပညာရှင်တစ်ဦးကပြောပါတယ်ဆရာ။
မြန်မာ့ပညာရေးစနစ် နိမ့်ကျနေတယ်လို့ ပြောကြရေးကြတာတွေ ကြားရဖတ်ရတိုင်း ပညာရေးဝန်ထမ်းတစ်ဦးအနေနဲ့ ၀မ်းနည်းမိပါတယ်။ တစ်ခါတလေလည်း မကျေမနပ်ပြန်ပြောမိတယ်။ တခြားဘယ်စနစ်တွေက ကော အဆင့်မြင့်နေကြလို့လဲ။ ပညာရေးစနစ်တစ်ခုထဲ နိမ့်နေတယ်လို့ ပြောနေကြရေးနေကြတာ တရားမျှတမှု မရှိဘူးလို့ ထင်ပါတယ်ဆရာ။ ဘက်ပေါင်းစုံက သေသေချာချာစဉ်းစားပြီးမှ ပြောသင့်ရေးသင့်တယ်လို့ ထင် မိပါတယ် ဆရာ။ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခဆရာကြီး ဒေါက်တာလှဘေက ၁၉၅၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကို ခဏရောက်စဉ် ရန်ကုန်တက္ကသိုလ်ကို တက္ကသိုလ်နဲ့ မတူတော့ ဘူးလို့ ပြောခဲ့ဖူးတယ်တဲ့ ဆရာ။
တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ အကောင်းဆုံးတဲ့ဆရာ။ ထားပါတော့ ဆရာရယ် အတိတ်ပဲပြန်ပြောရတာ မောပါတယ်ဆရာရယ်။ အနာဂတ်အတွက် ပစ္စုပ္ပန်မှာ ကျွန်တော်တို့ကြိုး စားကြရမှာ ပါဆရာ။ နေပြည်တော် ပျဉ်းမနားက ဆရာ့တပည့် ခင်မောင်ဆင့်ကလည်း မကြာခဏ ဖုန်းဆက်တယ်ဆရာ။ ကျွန်တော်တို့ငယ်ငယ်က စိတ်ဓာတ်ကျစရာကြုံတိုင်း ဆရာ့ဆီရောက်ရင် စိတ်ဓာတ်တွေပြန်တက် တဲ့အကြောင်းပါဆရာ။ ဆရာမရှိ တော့ ဆရာ့ကိုယ်စားဆရာ့စာတွေပဲ ပြန်ဖတ်ကြရမှာပေါ့ဆရာရယ်။  ခင်မောင်ဆင့်ကိုတော့ တော်စတွိုင်းရေးခဲ့တဲ့ ပုံဝတ္ထုလေးတစ်ပုဒ် ပြောလိုက်တယ်။ ဆရာကြီးဒေါက်တာ အောင်ထွန်းသက်လည်း ဟောပြောပွဲမှာ  ပြောဖူးပါတယ်။
တစ်ခါကဘုရင်တစ်ပါးက မေးခွန်းသုံးခုမေးတယ်။ (၁) အရေးကြီးဆုံး လူဘယ်သူလဲ။ (၂) အရေးကြီးဆုံးအချိန် ဘယ်အချိန်လဲ။ (၃) အရေးကြီးဆုံးအလုပ်က ဘာလဲ။ ဘယ်သူမှ ဘုရင်ကြီးကျေနပ်တဲ့ အဖြေမပြောနိုင်ဘူး တဲ့။ ဒါနဲ့ တောထဲမှာနေတဲ့ ရသေ့တစ်ပါးဆီ သွားမေးတယ်တဲ့။ မေးတဲ့အချိန်မှာ ရသေ့ကကျောင်းသင်္ကန်းရှေ့မှာ သစ်ပင်လေးတွေ ပေါင်းသင်ရင်း ရေလောင်းနေတာတဲ့။ ရသေ့က အဖြေသိချင်ရင် သူလုပ်နေတဲ့အလုပ် ၀ိုင်းကူလုပ်ဖို့ ပြောတယ်။ ဘုရင်ကြီးလည်း ၀ိုင်းကူလုပ်တယ်။  အလုပ်ပြီးတော့ ဘုရင်ကြီးက မေးခွန်း(၃)ခုမေးတယ်ပေါ့။ ရသေ့ကြီးက ဖြေပြီးသွားပြီလို့ ပြောတယ်။ အရေးကြီးဆုံးလူက သင်နဲ့တွေ့နေတဲ့သူ ဖြစ်တယ်။ အရေးကြီးဆုံးအချိန်က လက်ရှိသင်နဲ့ တွေ့နေဆဲအချိန်။ အရေးကြီးအလုပ်က သင်နဲ့တွေ့တဲ့သူကို ကူညီပေးတာပဲပေါ့တဲ့။ ခုပဲ မင်းကြီးကိုယ်တိုင်ဖြေတဲ့ အဖြေပဲတဲ့။ မင်းကြီးကတွေ့နေရတဲ့ ရသေ့ လုပ်နေတဲ့အလုပ် ကူညီလုပ်ပေးတာကိုး။

ဆရာ
မနေ့က (၉.၁၁.၁၁)နေ့က ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမှာ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့က ကြီးမှူးကျင်းပတဲ့ ဟောပြောပွဲတစ်ခု တက်ခဲ့ရပါတယ်။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့The Role of Intellectuals in Promoting Good Governance and Clean Government  ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရအတွက် ပညာရှင်များ၏ အခန်းကဏ္ဍဖြစ်ပါတယ်။ ဆရာကလူ့အဖွဲ့အစည်းတစ်ခု အတွင်းမှာ civil society ရဲ့ အရေး ပါမှုကိုစပြောပါတယ်။ ပြီးတော့ civil society ထဲမှာ intellectual ရဲ့အ ရေးပါမှုကိုပြောပါတယ်။ နိုင်ငံတစ် နိုင်ငံရဲ့ဖွဲ့ဖြိုးတိုးတက်မှုအတွက် good governance and clean government အအရေးကြီးပုံကို ပြောပါတယ်။ အာဖရိက နိုင်ငံတစ်ခုက ဆီအုန်းပင်နဲ့ တောင်အမေရိကနိုင်ငံတစ်ခုကရာ ဘာပင်တွေစိုက်ပြီး အောင်မြင်ခဲ့တဲ့ မလေးရှားနိုင်ငံအကြောင်းကို ၀န်ကြီးချုပ်ဟောင်း မဟာသီယာက မြန်မာပြည်ဟော ပြောပွဲမှာ ပြောတယ်တဲ့။ မူလနိုင်ငံတွေထက် မလေးရှားမှာ ပိုပြီးအောင်မြင်တာ good governance ကြောင့်လို့ ပြောပါတယ်။

ပညာရေးဆိုတာ နိုင်ငံသားကောင်း  good citizen မွေးထုတ်ခြင်းလို့ ရှေးဂရိခေတ်မှသည် မျက်မှောက်ခေတ် ပညာရေးဒဿနထိ လက်ခံထားကြောင်းလည်း ပြောပါတယ်။ နိုင်ငံသားကောင်းဆိုတာ ကိုယ်ကျင့်တရားကောင်းပြီး နိုင်ငံအကျိုး အများအကျိုး လိုလားတဲ့စိတ်ထားအခြေခံပြီး အလုပ်လုပ်တဲ့သူပါ .  .  .
ဆရာ
ဆရာပြောပြောနေတဲ့ ideal pat -tern နဲ့ behavior pattern ကွာခြားမှု နည်းနိုင်သမျှနည်းအောင် လုပ်ဖို့လိုတယ်ဆိုတာ သတိရမိပါတယ်။ ဒေါက်တာအောင်ထွန်းသက်က good governance ideal pattern ရှစ်ခု ပြောပါတယ်။ (၁) စာရင်းရှင်းနိုင်မှု တာဝန်ခံမှု accountability  (၂) ရှင်းရှင်းလင်းလင်း ဆောင်ရွက်မှု transparency (၃) တာဝန်ယူဖြေရှင်းမှု responsiveness (၄) ခွင့်တူညီမျှ ပါဝင်ဆောင်ရွက်နိုင်မှု equity and inclusiveness (၅) စွမ်းရည်ရှိမှုအကျိုးရှိမှု effectiveness and efficiency (၆) တရားဥပဒေ လေးစားလိုက်နာမှု Rule of Law (၇)ပါဝင်ဆောင်ရွက်မှု parti-cipation (၈) အများသဘောတူဆောင်ရွက်မှု consensus oriented တို့ပါ။  အဲဒီ(၈)ချက်ထဲက အဓိကအကျဆုံးက စာရင်းရှင်းနိုင်မှု တာဝန်ခံမှု accountability လို့ ပြောပါတယ်။ဒါက ideal pattern တွေပေါ့နော်ဆရာ။ တကယ်လက်တွေ့ behavior pattern နဲ့ ကွာခြားချက်တွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားကြရမှာပဲနော်ဆရာ။
ဆရာ
အဲဒီနေ့က ဟောပြောပွဲပြီးတော့ ကျွန်တော်တို့တစ်တွေ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆရာ့ကိုသတိရကြောင်း ပြောမိကြပါတယ်။ နောက်ပြီး ၉.၁.၁၁ နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာ့ရဲ့ဆရာ ဆရာကြီးဒေါက်တာခင်မောင်ဝင်း ကွယ်လွန်ခါနီး ဆေးရုံမှာပြောခဲ့တဲ့ စကားကို ဒေါက်တာသက်နိုင်က ပြန်ပြောပြတယ်။ ဆရာကြီးက သူမသေချင်သေးကြောင်း မသေချင်တာက သေရမှာကြောက်လို့ မဟုတ်၊ နောင်တက်လာမဲ့ အစိုးရသစ် ဘာတွေ လုပ်မလဲဆိုတာ သိချင်မြင်ချင်လို့ပါတဲ့။
ဆရာ
ဒေါက်တာအောင်ထွန်းသက်ကတော့ intellectuals’ တွေရဲ့  တာဝန်က ကိုယ်လုပ်ပေးနိုင်စွမ်းရှိသမျှ good governance and clean government အတွက် ပါဝင်ဆောင်ရွက်ဖို့ ဆိုပါတယ်။  ဆရာကတော့ ဆရာ သက်ရှိထင်ရှားရှိစဉ်ကလည်း စာတွေသင်ပေးခဲ့ စာတွေရေးခဲ့ပြီး နိုင်ငံသားကောင်းတာဝန်တွေ ကျေခဲ့ပါပြီ။ ဆရာ့စာတွေကလည်း ဆရာ့ကိုယ်စား ဆက်လက်တာဝန်ထမ်းဆဲပါ ဆရာ။  သီတင်းကျွတ်လပြည့်နေ့က အဘိဓမ္မာအခါတော်နေ့မို့ ဆရာပြောခဲ့တဲ့ စကားတစ်ခု သတိရမိပါတယ်။ ဒဿနိကဗေဒကို လေ့လာနေသူတစ်ဦးဟာ ဗုဒ္ဓအဘိဓမ္မာကိုလည်း လေ့လာရမယ်။ အပြန်အလှန်အကျိုးပြုတဲ့ လေ့လာမှုဖြစ်တယ်လို့ ဆရာကပြောခဲ့တယ်။ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးရွှေဇံအောင်က အဘိဓမ္မာတရားကို Compendium of Philosophy လို့ ရေးသားခဲ့ပြီး လန်ဒန်ပါဠိအသင်းက ထုတ်ဝေခဲ့တယ်နော် ဆရာ။
ဆရာပြောခဲ့တဲ့ အတ္တသမ္မာ ပဏိဓိစ(မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း)ကို  Ethical Principle တစ်ခုအဖြစ် PhD Thesis ရေးဖို့ PhD Candidate တစ်ယောက်ကို ဆရာမကွယ်လွန်မီ တစ်လလောက် မှာ ဆရာက ခွင့်ပြုခဲ့တယ်။ Art of Living ဖြစ်တဲ့ ဗြာဟ္မာ့ဝိဟာရတရား လေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ)ကို အတ္တသမ္မာပဏိဓိစ (မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်း) Principle of Self-Awareness or Principle of Autonomy နဲ့  moral development ကျမ်းရေးဖို့ ဖြစ်လာပါတယ်။  Candidate က ကျွန်တော့်ကို မေးခွန်းတစ်ခုမေးတယ် ဆရာ။မေတ္တာဆိုတာ သူတစ်ပါးအကျိုးလိုလားတဲ့ စိတ်ဆိုပေမဲ့ လူဆိုတာ ကိုယ့်အတ္တ အကျိုးလဲ ပါနေတတ်တာပဲမဟုတ်လား ဆရာတဲ့။ ကျွန်တော်လည်း ဆရာပြောတဲ့  ideal pattern and behavior pattern ကိုပြောပြပါတယ် ဆရာ။ မေတ္တာစိတ်ဆိုတာ အဘိဓမ္မာမှာ အဒေါသစေတသိက် ဖြစ်တယ်။
မေတ္တာစိတ်ဆိုတာ သူတစ်ပါးအကျိုး လိုလားတဲ့စိတ် ideal pattern ပဲ။ လူမှာဖြစ်တတ်တဲ့ အတ္တကိုယ်ကျိုး ကြည့်လုပ်တတ်တာက behavior pattern ပဲ။ ဖြစ်သင့်တာ (ought) နဲ့ ဖြစ်နေတာ (is) ကို ခွဲခြားသိရမယ်။ ဒဿနိကဗေဒပညာက ဖြစ်သင့်တာကို လေ့လာတဲ့ပညာဖြစ်တယ်။ ဖြစ်သင့်တဲ့ ideal pattern တွေကို နားလည်အောင် ကြိုးစားပြီး Principle ဖော်ထုတ်ပေးဖို့ပါပဲလို့ ပြောပြလိုက်ပါတယ်ဆရာ။

No comments:

Post a Comment