မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

အစားလျှော့စားခြင်းဖြင့် မှတ်ဥာဏ် စွမ်းရည်ကို တိုးတက်စေနိုင်

အစားလျှော့စားခြင်းသည် မှတ်ဥာဏ် စွမ်းရည်ကို တိုးတက်စေကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အထူးသဖြင့် ညနေစာကို လျှော့စားပြီး ညနေစာနောက်ပိုင်း ကော်ဖီသောက်ကာ ဇိမ်ခံတတ်သော အကျင့်ကို ရှောင်ရှားပါက ဦးနှောက်စွမ်းဆောင်ရည်ကို တိုးပွားစေပြီး မှတ်ဥာဏ်ကို ကောင်းမွန်လာစေကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

အီတလီ သုတေသန ပညာရှင်များသည် အဆာပြေရုံလောက် စားခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုကာ အသက်ရှည်စေကြောင်းလည်း ထောက်ခံခဲ့သော်လည်း အစားအသောက် လျှော့ချမှုကြောင့် ကျန်းမာရေးနှင့် မည်သို့မည်ပုံ ဆက်စပ်သည်ကို တိတိကျကျ အဖြေထုတ်နိုင်ရန်မူ ရုန်းကန်နေရဆဲ ဖြစ်သည်။

သုတေသီ ဂီအိုဗမ်ဘက်တစ္စတာ ပါနီက CREB1ဟု အမည်ပေးထားသော ပရိုတိန်းဓာတ် တစ်မျိုး၏ ဦးနှောက်အပေါ် သက်ရောက်မှုကို မိမိတို့ လေ့လာခဲ့ကြောင်း ရှင်းပြခဲ့သည်။ ကြွက်များတွင် စမ်းသပ်မှုအရ ကယ်လိုရီ လျော့နည်းသော အနေအထား (အစားအသောက် လျှော့စားသော အခြေအနေ)တွင် ကြွက်များ၏ ဦးနှောက်စွမ်းရည်ကို တိုးမြှင့်ပေးသော CREB1 ပရိုတိန်းဓာတ် ထွက်ပေါ်မှုသည် ပိုမိုများပြားနေပြီး ယင်းအကျင့်ကို ဆက်လက်ထိန်းသိမ်းထားပါက အာနိသင် ရှည်ကြာနေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

“ကြွက်တွေကို ကျွန်တော်တို့ နေ့စဉ် စားသုံးမှုရဲ့ (၂၅)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းလောက် လျှော့ချပြီး အစာကျွေးခဲ့တာပါ။ လူတွေအတွက် ဆိုရင်တော့ ကယ်လိုရီ (၆၀၀)လောက် နေ့တိုင်း လျှော့ပေးရမယ့် ပမာဏပေါ့”ဟု ဒေါက်တာ ပါနီက ရှင်းပြခဲ့သည်။ ၎င်းက ယခုတွေ့ရှိမှုသည် အစားအသောက် အလေ့အကျင့်နှင့် ဦးနှောက်၏ စွမ်းဆောင်ရည်တို့ကြား ဆက်စပ်မှု ရှိနေသည်ကို ပထမဆုံးအကြိမ် သက်သေပြနိုင်သည့် အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် ညွှန်းဆိုသွားသည်။
Source;  www.planet.com.mm

No comments:

Post a Comment