မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ရေကန်နေ ပိုးမွှားတစ်မျိုးမှာ အရွယ်အစားနှင့် ယှဉ်ပါက ကမ္ဘာပေါ်တွင် အသံကျယ်ဆုံး သက်ရှိ ဖြစ်ကြောင်း တွေ့ရှိ


ရေကန်တွင်းနေ ပိုးမွှားငယ် တစ်မျိုးမှာ ကမ္ဘာပေါ်တွင် အရွယ်အစားနှင့် ယှဉ်ပါက အသံကျယ်ဆုံး သက်ရှိ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက စမ်းသပ် အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။သတ္တဗေဒအခေါ် Micronecta scholzi အမည်ရသော ရေအောက်တွင်နေသည့် ရှေ့ခြေဖြင့် အစာရှာပြီး နောက်ခြေကို လှော်တက်အသွင် သုံးကာ ကူးခတ်တတ်သည့် လှေလှော်ကောင် (water boatman) အထီး၏ အသံသည် ၉၉ ဒသမ ၂ ဒက်စီဘယ် အထိ ကျယ်ကြောင်း တွေ့ရှိခဲ့သည်။ ၂ မီလီမီတာသာ ရှည်သော ယင်းအကောင်ငယ်၏ အော်သံမှာ သံစုံတီးဝိုင်းကို ရှေ့ဆုံးတန်းမှ ထိုင်နားထောင်လျှင် ကြားနိုင်သည့် ပမာဏမျ ကျယ်လောင်နေခြင်း ဖြစ်သည်။ဥရောပတစ်လွှားတွင် တွေ့ရသော ယင်းရေချိုနေ အင်းဆက်သည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန် အတွက် ဝှေးစေ့ကို ရင်ဘတ်ဖြင့် ပွတ်ရာမှ ယင်းအသံ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းအင်းဆက်၏အသံကို မှတ်တမ်းတင်ရန် အထူး ဖန်တီးထားသည့် ရေအောက်မိုက်ခရိုဖုန်းကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ ပုံမှန်ထွက်သည့် အသံပင်လျှင် ၇၈ ဒသမ ၉ ဒက်စီဘယ်မျှ ရှိပြီး ကုန်တင် ရထားတစ်စီးက ဖြတ်မောင်းသွားလျှင် ကြားရသည့် အသံမျှ ကျယ်သည်။ဂလက်စကိုရှိ စထရက်က လိုက်တက္ကသိုလ်မှ ဒေါက်တာဂျိမ်းဝင်းဒ်မီးလ်က ''ကျွန်တော်တို့ အရမ်း အံ့အားသင့်သွားပါတယ်။
ဒီအသံထွက်တဲ့ရင်းမြစ်ကို ကျွန်တော်တို့ သိပြီးတဲ့နောက် အချိန်အများကြီးယူပြီး အသံမှတ်တမ်းတင်မှု မှန်ကန်အောင် လုပ်ခဲ့ကြပါတယ်'' ဟုဆိုသည်။ယင်းလောက် အသံကျယ်သော်လည်း  လူတို့ ကြားရသောအခါ ယင်းမျှ မကျယ်ခြင်းမှာ ၎င်းတို့သည် ရေအောက်တွင်သာ မိတ်လိုက်ခြင်းနှင့် ရေထုကိုဖြတ်ပြီး လေထုထဲသို့ အသံ ရောက်လာသောအခါ အသံ ၉၉ ရာခိုင်နှုန်းမှာ ပျောက်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။သို့ရာတွင် လူနားနှင့်ကြားနိုင်လောက်သော အသံတိုးတိုးကိုမူ ကုန်းပေါ်မှ ကြားရသေးသည်ဟု သိရသည်။''ကန်ပေါင်ဘေးက ဖြတ်လျှောက်သွားတဲ့ သူတွေဆိုရင် ရေအောက်က တစ်ကောင်ကောင် သီဆိုနေသလိုမျိုး ကြားနေရပါတယ်''ဟု ၀င်းဒ်မီးလ်ကဆိုသည်။ ဝေလငါးပြာ၏ အသံမှာ ၁၈၈ ဒက်စီဘယ်၊ ဆင်များမှာ ၁၁၇ ဒက်စီဘယ် အထိ ကျယ်အောင် အော်နိုင်သော်လည်း အလွန်ကြီးသည့် အကောင်များ ဖြစ်ရာ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ယင်းပိုးကောင်မှာ အသံကျယ်ဆုံးဟု ဆိုနိုင်ကြောင်း ၀င်းဒ်မီးလ်က ဆိုသည်။ လူ့ဆံပင်တစ်ချောင်း အထူမျှသာ ရှိသော ၅၀ မိုက်ခရိုမီတာမျှသာ အကျယ်ရှိသည့် ဝှေးစေ့မှ ယင်းမျှကျယ်သော အသံထွက်ခြင်း၏ အကြောင်းအရင်းကိုမူ အတိအကျ မသိရသေးပေ။
Source : news-eleven.com

No comments:

Post a Comment