မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ရေမျောကျွန်းဖန်တီးသူများ

မြန်မာနိုင်ငံ၏ အရှေ့ဘက်ခြမ်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃ဝဝဝကျော်မြင့်သော အင်းလေးကန်၏ အနီးတစ်ဝိုက်တွင် အင်းသားများသည် မျိုးဆက်အစဉ်အဆက် နေထိုင်လာခဲ့ကြသည်။ မကြာခင် နှစ်များအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ၄င်းတို့အတွက် အကျိုးဖြစ်ထွန်းမှု ရှိစေသော်လည်း အင်းသားတို့သည် ၄င်းတို့၏ အသက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းကို လယ်ယာစိုက်ပျိုးရေး အပေါ် မှီခိုအားထားနေကြဆဲပင်. .။ အင်းသားများ၏ လယ်ယာစိုက်ပျိုးရေးမှာ အခြား နေရာဒေသများနှင့် မတူဘဲထူးခြားသောနည်းဖြစ်သည်။
အင်းသားများ၏ ဘိုးဘေးဘီဘင်များသည် ရှေးပဝေသဏီကတည်းက အင်းလေးကန် အနီးတစ်ဝိုက်ရှိ တောင်များ၏ တောင်ခြေများတွင် လယ်ယာစိုက်ပျိုးရန် မြေနေရာအဖြစ် ရွေးချယ်ခြင်းမပြုကြဘဲ ရေထဲတွင် ကျွန်းအတုများ ဖန်တီးပြီး စိုက်ပျိုးရေးလုပ်ဆောင်လာရာ ယနေ့အထိပင်ဖြစ်သည်။ ယနေ့ အချိန်အထိ လူဦးရေ ၁ဝဝယဝဝဝခန့်ရှိသော အင်းသားများ သည် အင်းလေးကန်ဘေးပတ်လည်ရှိ အရွယ်အစား အလယ် အလတ်ရှိသော မြေများကို တူးယူပြီး 'ရေမျောကျွန်းများ' အဖြစ် ဖန်တီးကြသည်။ အဆိုပါ 'ရေမျောကျွန်းများ'ကို ဖန်တီးပြီးနောက် ကီလိုမီတာ ငါးဆယ်ခန့် ရှည်လျားသော အင်းလေးကန်၏ ရေနက်ပိုင်းတွင် ထိုရေမျောကျွန်းများပေါ်၌ ဆန်၊ခရမ်းသီး၊ ခရမ်း ချဉ်သီး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျိုးစုံ နှင့် ပန်းများကို စိုက်ပျိုးကြသည်။ အင်းလေးကန်သည် ထိုအရပ် ဒေသတွင် နေထိုင်ကြသူများအတွက် အဓိက အချက်အချာ ဖြစ်ပြီး ရိုးရာအစဉ် အလာကို ရာစုနှစ်ချီပြီး ရှင်သန်လာစေခဲ့ရာ အင်းလေးကန်၏ အရေးပါမှုကို ထင်ဟပ်စေသည်။
ဇွန်လမှ စက်တင်ဘာလအထိ မိုးရာသီတွင် အင်း လေးကန်တွင်းရှိ ရေမှာအမြင့်ဆုံးရှိနေသဖြင့် စိမ်းလန်းစိုပြည် လျက်ရှိသော ရေမျောကျွန်းကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ ပြောင်းရာတွင် လွယ်ကူစေသည်။ များသောအားဖြင့် မိသားစု ပိုင်ကျွန်းမြေကို နောက်ထပ်မြေများ ထပ်မံဖြည့်စွက်ပေးခြင်း အားဖြင့် စိုက်ပျိုးရန်မြေ ပိုရစေသည်။ အင်းလေးကန်ဘေး ပတ် လည်မှ မြေများဖြင့် ထပ်မံဖြည့်ပေးပြီးသည့် နောက် ရေမျော ကျွန်းကို ကန်၏ ရေနက်ပိုင်းသို့ ယူဆောင်သွားပြီး စိုက်ပျိုးရေး များ ဆက်လက်လုပ်ဆောင်ကြသည်။ မြေများကို ထပ်ဖြည့်ခြင်း၊ ဖဲ့ထုတ်ခြင်း၊ တခြားကျွန်းမျောများနှင့် ပေါင်းစပ်ခြင်းတို့မှာ Jigsaw Puzzle ဟုခေါ်သော ဖြတ်တောက်ထားသည့် စက္ကူ ကတ်သို့မဟုတ် သုံးထပ်ပြားငယ် အပိုင်းအစလေးများကို မူရင်း အတိုင်း ရုပ်လုံးပြန်ပေါ်လာစေရန် ဆက်စပ်ရသည့် ကစားနည်း နှင့် အလားတူသည်။
သို့ရာတွင် အင်းသားများ အသုံးပြုသောနည်းမှာ ရှုပ်ထွေးခြင်း သိပ်မရှိပါ။ ကျွမ်းကျင်မှုနှင့် တိကျမှန်ကန်မှုရှိဖို့ သာ လိုအပ်သည်။ ခါးအနက်ရှိသော ရေထဲတွင် စိုက်ပျိုးရေးလုပ်သား သည် မတ်တတ်ရပ်အနေအထားဖြင့် ရေမျောကျွန်းကို ပင်မ ကျွန်းကြီးမှ ဖဲ့ထုတ်ရသည်။ ထို့နောက် ရေမျောကျွန်းနှင့် ငြိနေသော ဗေဒါမြစ်များနှင့် တခြားတွယ်ကပ်နေသော နွယ်များ အမြစ်များကို ခုတ်ထွင်ရှင်းလင်းရသည်။ အမြစ်များကို အတိအကျ ဖြတ်တောက်ပစ်ရမည်ကို သူတို့နားလည် သဘော ပေါက်ထား ကြသည်။ အမြစ်များကို လိုအပ်သည်ထက် ရှည်လျားစွာ ဖြတ်မိပါက ကန်၏အောက်ခြေတွင် တရွတ် တိုက် ပါလာ နိုင်ပြီး ရေမျောကျွန်းရွေ့လျားမှု ပြုလုပ်သည့်အခါ နှေးကွေးစေနိုင်သည်။ အမြစ်များကို သိပ်တိုသွားအောင် ဖြတ် မိပါက ရေမျောကျွန်း၏ မြေဆီလွှာ ညံ့ဖျင်းသွားနိုင်သည်။ ရေမျောကျွန်းတစ်ကျွန်း၏ အထူမှာ အနည်းဆုံး တစ်မီတာ ခန့်ရှည်ရန် လိုအပ်ပြီး သို့မှသာ ကျွန်းမျောပေါ်တွင် ကောက်ပဲ သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်မည်။
ယေဘုယျအားဖြင့် ရေမျောကျွန်းတစ်ကျွန်းတွင် စိုက်ပျိုးရေးလုပ်သား ငါးယောက်လိုအပ်ပြီး ၄င်းတို့အနေနှင့် တန်ချိန်များစွာလေးသော ရေမျောကျွန်းရွေ့လျားရန် တညီ တညာတည်း အင်နဲ့အားနဲ့ဆွဲရန်နှင့် တွန်းရန်လိုအပ်သည်။ ရေ မျောကျွန်းမှာ လေးလွန်းသဖြင့် မော်တော်ဘုတ်နှင့်မဆွဲနိုင်၊ ဆွဲ မည်ဆိုပါက စရိတ်စက အလွန်များပြားမည်ဖြစ်သည်။
ရေမျောကျွန်းပေါင်းများစွာကို တစ်ခါတည်း ဆွဲရ မည်ဆိုပါက ၄င်းကျွန်းများကို တစ်ခုနှင့်တစ်ခု မြက်သို့မဟုတ် ဝါးမျှင်ဖွတ်မြီး ကြိုးများဖြင့် ချည်နှောင်ကာ ကျွန်းကြီးဖြစ်စေပြီး လမ်းခရီးတွင် အခက်အခဲအတားအဆီးများကို ကျော်ဖြတ်ကာ ဆွဲယူသွားရသည်။ အလွန်ကြီးမားသော ရေမျောကျွန်းများစွာ တို့ကို တွန်းသူကတွန်းပြီး ဆွဲသူကဆွဲကာ အလွန်ဝေးကွာသော နေရာသို့ရောက်အောင် ပို့ဆောင်ပေးရာတွင် ဤလုပ်ငန်းကို ကျွမ်းကျင်သူများကသာလျှင် လုပ်နိုင်သည်။ ၄င်းတို့၏ လုပ်ငန်း မှာ ရေမျောကျွန်းများကို အင်းလေးကန်၏ တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရန်ဖြစ်ပြီး လိုရာခရီးကို ရောက်ဖို့ ရေမျောကျွန်း များပေါ်တွင် လိုက်ပါလှော်ခတ်သွားကြရသည်။
လှော်ခတ်ရာတွင် ခြေတစ်ဖက်ဖြင့် မတ်တတ်ရပ်နေ ပြီး ကျန်တစ်ဘက်က လှော်တက်ကို ကျွမ်းကျင်စွာရစ်ပတ်ထား ပြီး လှော်ခတ်ရခြင်းဖြစ်သည်။ ခြေဖြင့် လှော်ခတ်ရသောနည်း သည် အင်းလေးကန်၏ ရေတိမ်ပိုင်းတွင် များပြားစွာပေါက် ရောက်နေကြသော ဟင်းသီးဟင်းရွက်စိုက်ခင်းများကို တစ်နေ ရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရာတွင် လွယ်ကူစေသည်။ ရေ မျောကျွန်းများ ပို့ဆောင်ပေးရမည့်နေရာသို့ ရောက်သည့်အခါ ၄င်းကျွန်းများကို ဝါးလုံးများ အထောက်အကူဖြင့် ရေကန်၏ အောက်ပိုင်းတွင် ကျောက်ချထားလိုက်သည်။ ရေကန်၏ရေ အောက်ကြမ်းပြင်မှာ ပျမ်းမျှခြင်းအားဖြင့် မျက်နှာပြင်အောက် ၇ မီတာထက် လျော့နည်းသည်။
ရေမျောကျွန်းကို ထားလိုသည့်နေရာတွင် ထားပြီးသည့်အခါ အပင်များအတွက် အာဟာရပြည့်ဝသည့် မြေဆွေး များပေါ်သည့် အစေ့များကြဲပြီး အပင်များရှင်သန်စေရန် ပေါင်း သင်မြက်နုတ်ရသည်မှာ ကုန်းမြေပြင်ပေါ်တွင် စိုက်ပျိုးသည့် အတိုင်းပင်ဖြစ်သည်။ အင်းလေးကန်အတွင်းမှ ရေညှိများနှင့် တခြားသောဒေသထွက်မြေဆွေးများကို အပင်ကြီးထွားအောင် မြင်စေရန် မြေသြဇာအဖြစ် အသုံးပြုကြသည်။ နှစ်ပေါင်းများစွာ ပင် အင်းသားများသည် သူတို့နေထိုင်ရာ၏ သဘာဝပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေ နေထိုင်နိုင်သည့် နည်းလမ်းများကို ကြံဆခဲ့ကြသည်။
မျိုးစေ့များကြဲချပြီး မကြာခင်ရေမျောကျွန်းပေါ်ရှိ စိုက်ခင်းအတန်းများတွင် ခရမ်းချဉ်သီး၊ အာလူး၊ ရွှေဖရုံသီး၊ ပဲသီးစိမ်း၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ပန်းများ၏ အပင်ပေါက် များ ထွက်စပြုလာသည်။ နှစ်စဉ်နှစ်တိုင်း အင်းသားများသည် ယခင်နှစ်က စိုက်ပျိုးခဲ့သော အသီးအနှံများကို ဖယ်ရှားရှင်းလင်း ပြီး မြေသြဇာထည့်ခြင်းနှင့် စိုက်ပျိုးရန် မျိုးစေ့များ ကြဲချခြင်းတို့ ကို ပြုလုပ်ကြသည်။ စနစ်တကျ စိုက်ပျိုးပါက ရေမျောကျွန်းသည် ၁ဝ နှစ်နီးပါး စိုက်ပျိုးနိုင်သည်။ အင်းသားဆိုသော စကားမှာ အင်းသည် ကန်ဖြစ်ပြီး သားမှာ နေထိုင်သူဟု အဓိပ္ပာယ်ရသည်။ ၄င်းတို့၏ အမည်အတိုင်း အင်းသားများသည် အင်းလေးကန်၏ ထူးခြားသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ် အောင် နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကတည်းက နေထိုင်လာခဲ့ကြပြီး စိုက်ပျိုးရေးတွင် ထူးချွန်သော ဥယျာဉ်မှူးများ ဖြစ်လာခဲ့ကြ သည်။
ခြောက်သွေ့သော ရာသီများတွင် ကျွန်းမျောများကို ပြုလုပ်သူများနှင့် ရွှေ့ပြောင်းပေးသူများသည် ငါးဖမ်းကြသည်။ သို့ရာတွင် အင်းလေးကန်တွင် နေထိုင်ကြသူများအပေါ် သစ္စာ စောင့်သိသောအားဖြင့် လာမည့်မိုးရာသီတွင် ရေမျောကျွန်း များကို လိုရာအရပ်ဆီသို့ ပို့ပေးနိုင်မည့်နေ့ရက်ကို မျှော်လင့် စောင့်ဆိုင်းနေကြသည်။ တစ်ခါတစ်ရံ ရေရှည်တွင် ဖြစ်လာ မည့် သူတို့၏ အနာဂတ်ကို မတွေးမိဘဲ မနေနိုင်ကြ။ အဘယ်ကြောင့် ဆိုသော် ဤစွဲမက်စရာကောင်းသော ရိုးရာအစဉ်အလာမှာ ပျောက်ကွယ်တော့မည့် အန္တရာယ်ခြိမ်းခြောက်မှု ကြုံရဖွယ်ရှိ နေသောကြောင့်ပင် ........။

ဦးကျော်စိန်

ကျော်ဌေး(ဘီအေစီ) မြန်မာပြန်သည်

No comments:

Post a Comment