မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ရုရှားဝင်ရောက်ခွင့်ရရှိ

၁၈ နှစ်ကြာစေ့စပ်ညှိနှိုင်းမှုများ  အပြီးသတ်ခဲ့ပြီးနောက် ရုရှားနိုင်ငံ သည်  ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့တရားဝင် ၀င်ရောက်ခွင့်ရရှိခဲ့သည်။
ဒေါ်လာ ၁ ဒသမ ၉ ထရီလျံ အင်အားရှိသော ရုရှားစီးပွားရေးသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြင်ပတွင် အင်အားအကြီးဆုံးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်ဖြစ်လာမှုက စွမ်းအင်ပို့ကုန်ကို မှီခိုနေရမှု အားလျော့ချရန် ရုရှား၏ ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ ရုရှားနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေး အဟန့်အတားဖြစ်နေသော အခက်အခဲတစ်ခုကို ဆွစ်ဇာလန်နိုင်ငံက ကြားဝင်ညှိနှိုင်းပြီးနောက် ရုရှားအဖွဲ့ဝင်ဖြစ်ရေး လမ်းကြောင်း ရှင်းလင်း သွားခဲ့သည်။ အိမ်နီးချင်း ဂျော်ဂျီယာနှင့် ကုန်သွယ်ရေးပဋိပက္ခများ ဖြစ်ပွားနေမှုကြောင့်  ဂျော်ဂျီယာက ရုရှား၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ဟန့်တားရန်  ကြိုးပမ်းခဲ့သည်။
ရုရှားနှင့် နယ်စပ်တောင်သြဆက်တီးယားနှင့် အက်ဘ်ခါဇီးယားနယ်စပ်တစ်လျောက် ကုန်သွယ်မှုများကို နိုင်ငံတကာက စောင့် ကြည့်ရေးတွင် ရုရှားပူးပေါင်းပါဝင်ရန် နိုဝင်ဘာလတွင် ဂျော်ဂျီယာက လမ်းဖွင့်ပေးခဲ့ပြီးနောက် စေ့စပ်ညှိနှိုင်းမှုများ ချောမွေ့သွားခဲ့သည်။ ဂျော်ဂျီယာမှ ခွဲထွက်သွားသည့် ထိုဒေသနှစ်ခုကို ရုရှားက လွတ်လပ်သော ပြည်နယ်နှစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။
အဖွဲ့ဝင် ၁၅၃ နိုင်ငံရှိသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ရုရှားနိုင်ငံသည် ၁၅၄ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာမည်ဖြစ်ပြီး ခြောက်လအတွင်း အဖွဲ့ဝင်အဖြစ် အတည်ပြုခံရမည်ဖြစ်သည်။ မေလထက် နောက်မကျဘဲ အဖွဲ့ဝင်ဖြစ်လာမည်ဖြစ်ကြောင်း ရုရှားဒုဝန်ကြီးချုပ် အီဂေါ်ရူ ဘာလော့က ပြောကြားခဲ့သည်။  ရုရှားသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်လာပါက နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီ၍ စီးပွားရေးတိုးတက်မည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။ ရုရှားသည် ဥရောပတတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အဓိကတင်ပို့သည်။
Ref:Reuters,BBC

No comments:

Post a Comment