မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း နှစ်စဉ် လူတစ်သန်းကျော်တိုးနေ

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း နှစ်စဉ် လူတစ်သန်းကျော်တိုးနေ

လူဦးရေသန်း ၆၀ ၀န်းကျင်ရှိသော မြန်မာနိုင်ငံတွင် လူတစ်သန်းကျော် နှစ်စဉ်အလုပ်လက်မဲ့ တိုးပွားနေကြောင်း အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမြင့်သိန်းကပြောသည်။ “နှစ်စဉ်လူဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးနေတယ်။ တိုးတိုင်းတိုးတိုင်း နှစ်စဉ်အလုပ်လက်မဲ့ တစ်သန်းကျော်တိုးနေတယ်”ဟု ဒုတိယဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉-၂၀၁၀ စာရင်းများအရ လူဦးရေ သန်း ၆၀နီးပါးရှိပြီး ထိုလူဦးရေ၏ ၆၁ ရာခိုင်နှုန်းသည် အလုပ်လုပ်နိုင်သော လူဦးရေဖြစ်ကာ အမှန်တကယ် အလုပ်လုပ်နေသူမှာ သန်း ၃၀ ကျော်သာရှိကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သော စာရင်းများအရ သိရသည်။ ထိုအလုပ် လုပ်နိုင်သူများထဲတွင် သုံးသန်းကျော်မှာ ရွှေ့ပြောင်းလုပ်သားအဖြစ် နိုင်ငံခြားတွင် သွားရောက်လုပ်ကိုင်နေကြပြီး ထိုအထဲ၌ ခုနစ်သိန်းခန့်သာ တရားဝင်သွားရောက်လုပ်ကိုင်နေကြကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အလုပ်သမားရုံး ၇၇ ရုံးတွင် အလုပ်အကိုင်အခွင့်အလမ်း ကြော်ငြာများ ကပ်ထားပေးသွားမည်ဖြစ်ပြီး ထိုရုံးများတွင် အလုပ်အကိုင် လျှောက်ထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်ကပြောသည်။

No comments:

Post a Comment