မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

မြန်မာ့စီးပွားရေး လျှို့ဝှက်ချက်

မြန်မာပြည်ကို ပထမဆုံး လာရောက်သော နိုင်ငံခြားသားများအဖို့ သူတို့သုံးနေသော တယ်လီဖုံး ဆက်သွယ်ရေးစနစ်၊ လျှပ်စစ်၊ အင်တာနက် စသည်တို့ကို ချီးကျူးပြောဆိုနေသော မြန်မာနိုင်ငံသားများကို တွေ့လျှင် အံ့သြသွားကြမည် ဖြစ်သည်။

ဘာကြောင့်လဲဆိုလျှင် သူတို့သည် ဤတယ်လီဖုံး ဝန်ဆောင်မှုစနစ်၊ လျှပ်စစ်၊ အင်တာနက် စသည်တို့ကို မသုံးစွဲခဲ့ရသဖြင့် ဖြစ်သည်။ စိတ်ဝင်စားစရာနှင့် အံ့အားသင့်စရာ နောက်တချက်မှာ မြန်မာ့စီးပွားရေး ဖြစ်သည်။

၁၉၉ဝ စုနှစ်များ အစောပိုင်းတွင် နိုင်ငံတော် ဆိုရှယ်လစ်ဝါဒကို စွန့်ပစ်လိုက်ပြီးကတည်းက စစ်အစိုးရသည် ဈေးကွက်အသားပေး စီးပွားရေးစနစ်ကို တရားဝင် ချမှတ်ကျင့်သုံးနေပြီဆိုသည်ကို အားလုံး အသိပင်။

သို့သော် အမှန်တကယ် မြန်မာ့ဈေးကွက်အသားပေး စီးပွားရေးစနစ် မည်သို့မည်ပုံရှိသည်ကိုမူ သိရှိသူ မရှိပါ။ ဤစီးပွားရေးစနစ်သည် ယခုမှ မွေးကင်းစ အဆင့်တွင် ရှိသေးသည်။ ဗဟိုမှချုပ်ကိုင်သော စီးပွားရေးစနစ်နှင့် ခေါက်ရိုးကျိုးနေသူများကသာ နိုင်ငံပိုင်ရော၊ ပုဂ္ဂလိကပိုင် ကဏ္ဍတွင်ပါ ခိုင်မာစွာ ဆက်လက် ချုပ်ကိုင်ထားကြသည်။

ယေဘုယျအားဖြင့် ပြောရလျှင် မြန်မာ့စီးပွားရေး၏ အဓိကလက္ခဏာမှာ ငွေကြေးဖောင်းပွမှုပင် ဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာလည်း ဘတ်ဂျက်လိုငွေပြမှု ပြဿနာကို ဖြေရှင်းရန် အစိုးရကျင့်သုံးသော ငွေကြေးမူဝါဒကြောင့်ပင် ဖြစ်သည်။

ပုံမှန်ဝင်ငွေသာ ရရှိကြသော လခစားများနှင့် ပင်စင်စားများမှာ ငွေကြေးဖောင်းပွမှု မြင့်မားမှုဒဏ်ကို နေ့စဉ် ခံကြရသည်။ အစိုးရဝန်ထမ်းများအတွက် လုပ်ခကို အစိုးရက မကြာခဏ တိုးမြှင့်ပေးခဲ့သည်။ ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများက ပြည်သူ့ဝန်ထမ်းများနှင့်စာလျှင် အခြေအနေ ကောင်းသေးသည်။ အချို့သော ကံကောင်းသူများကမူ သူတို့လုပ်အားနှင့် ထိုက်တန်စွာ လုပ်ခကောင်းကောင်း ရကြသည်။ ထိုသူများမှာ အသစ်ဖွင့်လှစ်လိုက်သော ရှော့ပင်းစင်တာများ၊ အနှိပ်ခန်း စပါးရေချိုးခန်း၊ အဆင့်မြင့် အလှပြုပြင်ဆိုင် စသည့် ကြေးကြီးပေးရသော ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်သူများ ဖြစ်ကြသည်။

ယခုမူ မြန်မာပြည်၏ ရေပေါ်ဆီ လူတန်းစားနှင့် သူတို့မိသားစု အများအပြားသည် ချောင်းသာနှင့် ပုဂံကို မသွားတော့ဘဲ ဥရောပနှင့် အမေရိကသို့ အားလပ်ရက် အလည်အပတ်ခရီးများ ထွက်နေကြသည်။

ဆိုရှယ်လစ်အစိုးရများ လက်ထက်တွင် ခွဲတမ်းရသမျှ ကုန်ပစ္စည်း ဝန်ဆောင်မှုတို့ဖြင့်သာ တင်းတိမ်ခဲ့ရသော စားသုံးသူအချို့လည်း ယခုအခါ ပိုလျှံလာသော ဝင်ငွေများဖြင့် အိမ်နီးချင်း နိုင်ငံများမှ တင်သွင်းလာသော သွင်းကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲနိုင်ကြပြီ ဖြစ်သည်။

သို့သော် အဆိုပါ ကံကောင်းသူတို့မှာလည်း ရွေးချယ်စရာ စားသုံးကုန်စည် ဝန်ဆောင်မှု ဖောဖောသီသီ မရှိလှပါ။ ဆင်းရဲသူများနှင့် မကွာလှပါ။ အကြောင်းမူ မြန်မာ့ဈေးကွက်တွင် ရွေးချယ်စရာ ကုန်ပစ္စည်းများများ မရှိ၍ ဖြစ်သည်။ ယင်းမှာ စစ်အစိုးရက စီးပွားရေးကို ဖွင့်ပေးပြီး၊ တဟုန်ထိုး တက်လာစေရေး နှိုးဆွပေးရန် စိတ်ဝင်စားမှု မရှိခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့စီးပွားရေးမှာ ရောင်းသူဈေးကွက်ဖြစ်နေပြီး၊ ကုန်သည်များ၊ သွင်းကုန်သမားများက လက်ဝါးကြီးအုပ် ချယ်လှယ် ကြီးစိုးနေကြသည်။ ဤစနစ်ကြောင့် လူနည်းစုက အားလုံးကို ချုပ်ကိုင်ထားသော စနစ်ကို ဖန်တီးပေးလိုက်သည်။ အကျိုးဆက်အားဖြင့် စားသုံးသူ အခွင့်အရေး၊ စားသုံးသူ ကာကွယ်ရေး စသည်တို့ မရှိတော့ပေ။ ဤသို့ဖြင့် ဝင်ငွေနည်း စားသုံးသူများအနေဖြင့် ရွေးချယ်စရာ သိပ်မရှိတော့ပေ။

နောက်ထပ် အကျိုးဆက်အနေဖြင့် ဈေးနှုန်းမှန်သမျှ အတက်ချည်းသာ ဖြစ်နေပြီး၊ ယှဉ်ပြိုင်မှုကြောင့် ဈေးကျသွားသည် ဆိုသည်မှာ အတော်ရှားပါးသွားတော့သည်။ ဤသို့သော ခြွင်းချက် အဖြစ်အပျက်မျိုး ၂ဝ၁ဝ ခုနှစ် နှစ်ကုန်တွင် ဖြစ်ပျက်ခဲ့သည်။ သိမ်းဆည်းရမိသော ကားများကို အစိုးရက ဆက်တိုက် လေလံတင် ရောင်းထုတ်ခဲ့ခြင်းကြောင့် ကားဈေးများ ထိုးကျသွားခဲ့သည်။ ယင်းကိုကြည့်ခြင်းဖြင့် ငွေကြေးနှင့် ငွေပေါ်လွယ်မှုမှာ ပုဂ္ဂလိကကဏ္ဍမှ အစိုးရဆီသို့သာ စီးဆင်းနေလေ့ ရှိသည်ကို ပြသနေသည်။

၂ဝ၁ဝ ခုနှစ်အတွင်း ကျပ်ငွေတန်ဖိုး ၂၅ % မြင့်တက်သွားခဲ့သဖြင့် အခြေခံကုန် စည်တင်ပို့သူ ဒေသခံ ပို့ကုန်သမားများ အထိနာခဲ့သည်။ သွင်းကုန်ပစ္စည်းများဖြစ်သော အိုင်တီပစ္စည်းကဲ့သို့ ပစ္စည်းမျိုးမှာမူ ဈေးကျသည်ဟူ၍ မရှိလှပါ။ မည်သို့ပင်ဆိုစေ ဒေသတွင်း ထုတ်လုပ်သော မရှိမဖြစ် ကုန်စည်များ၊ စားသုံးကုန်စည်များမှာမူ ဝယ်လိုအား တိုးတက်နေခြင်းကြောင့် လည်းကောင်း၊ သယ်ယူပို့ဆောင်စရိတ်များ တက်ခြင်းကြောင့် လည်းကောင်း၊ ကုန်သည်များက အမြတ်ထုတ်သောကြောင့်သော် လည်းကောင်း ဈေးနှုန်းများမှာ တက်၍သာ နေတော့သည်။

သတင်းစီးဆင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး၊ ပွင့်လင်းမြင်သာမှု မရှိသော နိုင်ငံ၌ ကောလာဟလ၏ အခန်းကဏ္ဍကိုလည်း လျှော့တွက်၍ မဖြစ်ပါ။ အတွေ့အကြုံ ကြွယ်ဝသော မြန်မာများအတွက်မူ ကောလာဟလများသည် နောင်အခါ အမှန်သတင်းများ ဖြစ်လာမည်ဆိုသည်ကို သိနေသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရွှေနှင့် ဒေါ်လာဈေးများ ရုတ်တရက် ထိုးတက်သွားခြင်းသည်လည်း ကောလာဟလများကြောင့်ပင် ဖြစ်သည်။ ဝန်ထမ်းများကို လခတိုးပေးတော့မည်ဆိုသော သတင်းများ ပေါ်ထွက်လာ၍ လည်းကောင်း ၊ အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးတည်ငြိမ်မှု ရှိပါ့မလားဆိုသော စိုးရိမ်ချက်များ ပေါ်ထွက်လာ၍လည်း ထိုသို့ဈေးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင်ကြီးများ အနားယူလျှင် သော်လည်းကောင်း ၊ အဖြုတ်ခံရလျှင် သော်လည်းကောင်း၊ အကြီးတန်း စစ်အရာရှိကြီးများ နေရာအပြောင်းအရွှေ့ ပေါ်ပေါက်လာလျှင် သော်လည်းကောင်း ထိုအရာရှိကြီးများနှင့် နီးစပ်သော စီးပွါးရေးလုပ်ငန်းများတွင် ကြီးမားသော ထိခိုက်မှုများ ပေါ်ထွက်လာလေ့ရှိသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် သူများအနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ မချခင်ရော၊ ချပြီးနောက်တွင်ပါ အဆိုပါ ကောလာဟလများကို လေ့လာစောင့်ကြည့်နေရန် လိုအပ်သည်။ မြန်မာ့စီးပွားရေးအကြောင်း နားလည်ရန် လက်ဖက်ခြောက်ဖတ်၊ ဗေဒင်ဖတ် တတ်ရန်လည်း အရေးကြီးသော အချက်တချက် ဖြစ်သည်။Ref:MIZZIMA

No comments:

Post a Comment