မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

အရှေ့တောင်အာရှမှ ကမ္ဘာ့အမွေအနှစ်နေရာများ


ဟွေ သည် ဗီယက်နမ်နိုင်ငံ၊ သော်သိုင်းဟွေခရိုင်၏မြို့တော်ဖြစ်သည်။ ၁၈ဝ၂ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်ကြား၌ ငုယန် မင်းဆက်၏နန်းစိုက်ရာမြို့ဖြစ်သည်။ ဟွေမြို့ရှိ သမိုင်းဝင်အဆောက်အအုံများနှင့် ဗိသုကာလက်ရာ တို့ကြောင့် လူသိများ သည်။ လူဦးရေမှာ ကိုးသိန်း ငါးသောင်းခန့်ရှိသည်။

သမိုင်း

ဟွေမြို့သည် ငုယန်ဘုရင်များ နန်းစိုက်သည့် မြို့ တော်အဖြစ် မူလကတည်းကပင် ထင်ပေါ်ကျော်ကြားခဲ့၏။ ငုယန် ဘုရင်တို့မှာ ၁၇ရာစုနှစ်မှ ၁၉ရာစုနှစ်အထိ ဗီယက်နမ်တောင် ဘက်ပိုင်းနေရာအများစုကို အုပ်စိုးခဲ့ကြသော ပဒေသရာဇ်မင်း ဆက်တစ်ခုဖြစ်သည်။ ၁၇၇၅ခုနှစ်တွင် ထရင်ဆမ်က သိမ်းပိုက် ခဲ့ပြီး ဖွေဆန်မြို့ဟုလူသိများလာသည်။ ၁၈ဝ၂ ခုနှစ် တွင် ငုယင်ဖူအာ (နောင် ဧကရာဇ် ဂီရာလောင်)က စိုးစံခဲ့ပြီး ဗီယက်နမ်နိုင်ငံ တစ်ခုလုံးကိုထိန်းချုပ်ခဲ့ရာမှ ဟွေမြို့သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ်လာခဲ့သည်။
ဟွေမြို့သည် ၁၉၄၅ခုနှစ်အထိမြို့တော်အဖြစ်ဆက်လက်တည်ရှိနေခဲ့သည်။ ထိုနှစ်တွင်ပင် ဧကရာဇ်ဘောက်ဒိုင် နန်းစွန့်ခဲ့ပြီး ကွန်မြူနစ်အစိုးရက နိုင်ငံမြောက်ပိုင်း၌ ဟနွိုင်းမြို့ကို တည်ထောင်ခဲ့ကြသည်။ ထိုအတောအတွင်း ၁၉၄၉ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာသော ကိုလိုနီနယ်ချဲ့သမားတို့ အကူ အညီဖြင့် ဘောက်ဒိုင်က 'နိုင်ငံတော်အကြီးအကဲ' အဖြစ် ကြေညာခဲ့သည်။ (သို့သော်ကွန်မြူနစ်တို့၏ အသိအမှတ်ပြုခြင်း မခံခဲ့ရသလို ဗီယက်နမ်ပြည်သူလူထု၏ အပြည့် အဝ ထောက်ခံမှု ကို လည်း မခံခဲ့ရပေ။) သူ၏မြို့တော်သစ်မှာ တောင်ပိုင်းရှိ ဆိုင်ဂုံမြို့ ဖြစ်သည်။
ဟွေမြို့သည် ဗီယက်နမ်စစ်ပွဲကာလအတွင်းမြောက် ဗီယက်နမ်နှင့် တောင်ဗီယက်နမ်တို့အကြားနယ်စပ်နှင့် အနီးဆုံး ဗဟိုချက်မနေရာ၌ တည်ရှိနေခဲ့၏။ မည်သို့ပင်ဖြစ်စေကာမူ တောင်ဗီယက်နမ်အတွင်း၌ တည်ရှိနေခဲ့သည်။ ၁၉၆၈ ခုနှစ် တက်ထိုးစစ်ဆင်နွှဲချိန်အတွင်း ဟွေတိုက်ပွဲကာလ၌ မြို့တော်၏ ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံတို့သာမက နာမည်ဂုဏ်သ တင်းပါညှိုးနွမ်းခဲ့ရသည်။ ပျက်စီးခဲ့ရသော သမိုင်းဝင်အဆောက် အအုံအများစုတို့မှာ အမေရိကန်တို့၏ ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးကြဲချမှုတို့ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။ ကွန်မြူနစ်တို့က လည်း ဟွေအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ ကြသည်။ စစ်ပွဲအဆုံးသတ်ပြီးနောက် ဟွေမြို့ရှိ သမိုင်းဝင် အဆောက်အအုံအများအပြားတို့မှာ လျစ်လျူရှုခြင်း ခံခဲ့ရသည်။ အောင်ပွဲခံခဲ့သော အစိုးရနှင့် ဗီယက်နမ်နိုင်ငံသားအချို့တို့ က 'သက်ဦးဆံပိုင် အုပ်ချုပ်ရေး၏ အမွေအနှစ်များ'ဟု ရှုမြင်ကြ သောကြောင့်ဖြစ်သည်။ ငုယန်မင်းဆက်သည် ပဒေသရာဇ်များ' ဖြစ်ပြီး' ဖောက်ပြန်ရေးဝါဒီများ ဖြစ်သည်ဟုလည်း ဗီယက်နမ် ကွန်မြူနစ်ပါတီ၏ တရားဝင်ကြေညာချက်၌ ဖော်ပြခဲ့သည်။ မူဝါဒအပြောင်းအလဲပြုလုပ်ပြီး ကတည်းက မြို့တော်သမိုင်းဝင် နေရာအများအပြားကို လောလောလတ်လတ်ပြန်လည် မွမ်းမံ ပြင်ဆင်ခဲ့သည်။

ပထဝီဝင်အနေအထားနှင့် ရာသီဥတု

ဟွေမြို့မှာ ဗီယက်နမ်နိုင်ငံ အလယ်ဗဟိုတွင် တည်ရှိပြီး ဆုန်ဟောင်(ရေမွှေးမြစ်) ကမ်းပါးပေါ်၌ တည်ရှိခြင်းဖြစ်သည်။ ဗြန်ဒေါင်နှင့် ကုန်းတွင်းပိုင်း မိုင်အနည်းငယ် အကွာ၌ တည်ရှိသည်။ မြို့တော်ဟနွိုင်း၏ တောင်ဘက် ကီလိုမီတာ ၇ဝဝ (၄၃၈မိုင် )ခန့် အကွာတွင်တည်ရှိပြီး ယခင်က ဆိုင်ဂုံမြို့ဟုလူသိ များသော အကြီးဆုံး မြို့တော် ဟိုချီမင်းမြို့၏ မြောက်ဘက် ကီလို မီတာ ၁၁ဝဝ ( မိုင် ၆၉ဝ )ခန့်တွင်တည်ရှိသည်။
ကော့ပ်ပန်ရာသီဥတု ခွဲခြမ်းစိတ်ဖြာခြင်းအရ ဟွေမြို့သည် အပူပိုင်း မုတ်သုန်ရာသီဥတု ရှိသော မြို့ ဖြစ်သည်။ ခြောက်သွေ့ချိန်ဖြစ်သော မတ်လမှ သြဂုတ်လ အထိကာလတွင် အမြင့်ဆုံးအပူချိန်မှာ ၃၅ မှ ၄ဝ ဒီဂရီစင်တီဂရိတ် အထိရှိသည်။ မိုးရာသီ မှာ သြဂုတ်လမှ ဇန်နဝါရီလ အထိ ဖြစ်သည်။ အောက်တိုဘာလမှစ၍ မြစ်ရေလျှံတက်လေ့ရှိသည်။ မိုးရာသီကာလအတွင်း ပျမ်းမျှ အပူချိန်မှာ နှစ်ဆယ်ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး တစ်ခါတစ်ရံ၌ ကိုးဒီဂရီ စင်တီဂရိတ်အောက်သို့ ကျဆင်းသွားတတ်သည်။ နွေဦးကာလမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလနှောင်းပိုင်း အထိသာ ကြာမြင့်သည်။
ဟွေမြို့မှာ သမိုင်းဝင်အဆောက်အအုံများရှိသည့် အတွက် လူသိများသောမြို့ဖြစ်သည်။ ယူနက်စ်စကိုကမ္ဘာ့အမွေ အနှစ်စာရင်းတွင် တစ်နေရာရရှိထားသော နေရာတစ်ခုလည်း ဖြစ်သည်။ ငုယန်ဧကရာဇ်တို့စိုးစံခဲ့သော ခံမြို့တည်ရှိပြီးရေမွှေး မြစ်မြောက်ဘက်ခြမ်း၌ ကြီးမားထည်ဝါစွာနေရာ ယူထားသည်။ ခံမြို့၏အတွင်းဘက်မှာ ကန့်သတ်နယ်မြေတစ်ခုဖြစ်ပြီး ဧက ရာဇ်များ၊ မောင်းမမိဿံများနှင့် ၄င်းတို့နှင့် နီးစပ်သူများသာ ဝင်ထွက်ခွင့်ရှိသောနေရာဖြစ်သည်။ ဖြတ်သန်းဝင်ရောက်မိခဲ့ လျှင်ပင် သေဒဏ်အပြစ်ပေးလေ့ရှိသည်။ ယနေ့ခေတ်ကာလ တွင်ယင်းသို့ ကန့်သတ်နယ်မြေအဖြစ်ထားရှိခဲ့သော နေရာတို့ မှာအနည်းငယ်မျှသာရှိပေတော့သည်။ ထို့ကြောင့်လည်း ကမ္ဘာ လှည့်ခရီးသွားတို့အား ဆွဲဆောင်ရန်သမိုင်းဝင်နေရာတစ်ခု အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်နေခြင်းဖြစ်သည်။
အကြမ်းဖျင်းအားဖြင့် ဟွေမြို့မှ ရေမွှေးမြစ် တစ် လျှောက်တွင် အခြားသော အဆောက်အအုံများကို အမြောက် အမြားတွေ့ရှိရသည်။ ထိုအဆောက်အအုံတို့၌ မင်မန်၊ ခိုင်ဒင် နှင့်တူဒေါင်တို့ကဲ့သော ဧကရာဇ်တို့၏ ဂူသင်္ချိုင်းများပါဝင်သည်။ဟွေမြို့တွင် အကြီးဆုံးဘုရားနှင့် မြို့တော်၏ တရားဝင်ပြယုဂ် တစ်ခုဖြစ်သော သိုင်မူဘုရားမှာလည်းထင်ရှား သည်။
ရေမွှေးမြစ်၏ တောင်ဘက်ကမ်းပါးတစ်လျှောက်၌ လည်း ပြင်သစ်ပုံစံ အဆောက်အအုံ အများအပြား တည်ရှိနေ သည်။ ယင်းအဆောက်အအုံတို့ ထဲတွင် ဗီယက်နမ်နိုင်ငံ၌ သက်တမ်းအရင့်ဆုံး အထက်တန်းကျောင်းဖြစ်သော ခေဟောက် အထက်တန်းကျောင်းနှင့် ဟိုင်ဘာထရွန် အထက်တန်းကျောင်းတို့လည်း ပါဝင်သည်။
အမှတ်(၃)၊ လာထရက်လမ်းတွင် တော်ဝင် အနုပညာကျောင်း၏ ဟွေပြတိုက်တည်ရှိပြီး မြို့တော်ရှိ အနု ပညာလက်ရာအမျိုးမျိုးကို စုဆောင်းပြသထားသော နေရာ ဖြစ် သည်။

အုပ်ချုပ်ရေးဌာနအဖွဲ့အစည်းများ

လူနေရပ်ကွက် ၂၇ခုအပါအဝင်အုပ်ချုပ်ရေးအဖွဲ့ ၂၇ဖွဲ့ကိုဖွဲ့စည်း ထားသည်။

ယဉ်ကျေးမှု

ဗီယက်နမ်နိုင်ငံ၏ ဗဟိုချက်မနေရာတွင်တည် ရှိသောဟွေမြို့သည် နွေရာသီ အပူလွန်ကဲချိန်များ အပူရှောင်ရန် ဒေသအဖြစ်လည်း ကျော်ကြားသည်။ ဆောင်းရာသီတွင် ရက်သတ္တပတ် များစွာကြာအောင် မိုးအဆက်မပြတ် ရွာသွန်းတတ်သည်။ ထို့ကြောင့်လည်း ပထဝီဝင်ဆိုင်ရာ အခက်အခဲများနှင့် ရာသီဥတုဆိုင်ရာ အခက်အခဲများတို့ကို ကျော်လွှားနိုင်ရန်သူ တို့၏ကိုယ်ပိုင် ယဉ်ကျေးမှုကိုသူတို့ ဘာသာသူတို့ပုံဖော်ဖန်တီး ခဲ့ကြသည်။ ထိုယဉ်ကျေးမှုတို့ကို အစားအသောက်၊ ထူးခြား သောလက္ခဏာရပ်များနှင့် နေ့စဉ်ဖြတ်သန်းနေသော ဘဝများမှ တစ်ဆင့်တွေ့မြင်နိုင်ပြီး ဟွေလူထုသဘောသဘာဝကို ထင်ဟပ် ဖော်ပြလျက်ရှိသည်။
ပဒေသရာဇ်ခေတ် (၁၈ဝ၂-၁၉၄၅) ကာလအ တွင်း နှစ်ပေါင်း ၁၅ဝခန့်ဖြတ်သန်းခဲ့ရသော ဗီယက်နမ်လူမျိုး တို့၏ မြို့တော်ဖြစ်ခြင်းကြောင့် သက်ဦးဆံပိုင် ခေတ်ကာလကြီး လွန်မြောက်သွားခဲ့သည်မှာ အချိန်ကာလကြာမြင့်ပြီဖြစ်သည့် တိုင် ထီးသုံးနန်းသုံး နေထိုင်မှုပုံစံများနှင့် ဓလေ့ထုံးစံများသည် ဟွေလူထု၏ သွင်ပြင်လက္ခဏာတို့ကို လွှမ်းမိုးလျက်ရှိဆဲဖြစ်၏။

အမည်ပေးကင်ပွန်းတပ်ခြင်း

အမည်ပေးကင်ပွန်းတပ်သည့် ဓလေ့တွင် တော်ဝင် မိသားစု၏ တန်ဖိုးထားမှုပုံစံများနှင့် လူ့အဖွဲ့အစည်း ကြီးမားခဲ့ကြောင်းကို ထင်ဟပ်ဖော်ပြလျက်ရှိသည်။ ငုယန်မင်းဆက်၏ ဒုတိယမြောက်ဘုရင်ဖြစ်သူ မင်မန်ရေးသားခဲ့သော ကဗျာဖြင့် တော်ဝင်မိသားစုဝင်များ အမည်ပေးကင်ပွန်းတပ်ကြသည့် စည်းမျဉ်းတစ်ခုလည်းရှိသည်။ 'ဒီဟေသီ'အမည်ရှိ ယင်းကဗျာတွင် တော်ဝင်မိသားစု မျိုးဆက်တိုင်းအတွက် အမည်ပေးကင်ပွန်း တပ်ရန် စံပုံစံတစ်ခုချမှတ်ထားသည်။ ယင်းပုံစံအရတော်ဝင် မိသားစုဝင်တို့၏ တော်စပ်ကြပုံများကို အလွယ်တကူသိရှိနိုင် မည်ဖြစ်သည်။ ပို၍အရေးပါသော အချက်တစ်ချက်မှာ ယင်း အမည်နာမတို့သည် မရှိမဖြစ်လိုအပ်သော ပင်ကိုအရည်အသွေး တို့ကို ထင်ဟပ် ဖော်ပြနေခြင်းဖြစ်ပြီး ပဒေသရာဇ်အုပ်ချုပ်ရေး ကိုသားစဉ်မြေးဆက် ထိန်းသိမ်းထားလိုသည့် သဘောလည်း ဖြစ်သည်။ အမည်ပေးကင်ပွန်းတပ်သည့်ဓလေ့ကို ဟွေတော်ဝင် မိသားစုတို့က ယနေ့အထိဆက်လက်ထိန်းသိမ်းထားကြဆဲဖြစ် ပြီး ကဗျာတွင်ပါရှိခဲ့သည့် အတိုင်းအမည်ပေးကြဆဲဖြစ်သည်။

အဝတ်အစား

ခရမ်းရင့်ရောင် အိုဒိုင်းဝတ်စုံသည် ဟွေတို့နှင့်အများ အားဖြင့် ဆက်စပ်ပတ်သက်လျက်ရှိသည်။
ယနေ့ခေတ် အိုဒိုင်းပုံစံဟုခေါ်တွင်သော ဗီယက်နမ် အမျိုးသားဝတ်စုံ တစ်မျိုးသည် ၁၈ရာစုနှစ်အတွင်းက ငုယန် ဘုရင် တို့၏ ညီလာခံသဘင်တွင် ဝတ်ဆင်ရသော ဝတ်စုံမှဆင်းသက်လာခြင်းဖြစ်သည်။ ဝတ်စားဆင်ယင်ရာတွင်လိုက်နာရ မည့် စည်းမျဉ်းများကို သမိုင်းပညာရှင်နန်းတွင်း အမတ်တစ်ဦး ကဖော်ပြခဲ့ရာ'ညီလာခံသဘင်ပြင်ပ၌ အမျိုးသား၊ အမျိုးသမီး တို့သည် ကော်လာအဖြောင့်ဝတ်ရုံနှင့် အင်္ကျီလက်တိုတို့ကို ဝတ်ဆင်ကြရမည်။ အင်္ကျီလက် ကြီးမားပွယောင်းခြင်း၊ သေး ငယ်ခြင်းတို့မှာ ဝတ်ဆင်သူအပေါ်၌ မူတည်သည်။ အင်္ကျီလက် နှစ်ဖက်အောက်၌ ချုပ်ရိုးချုပ်ကြောင်းတို့ဖြင့် ဖြောင့်တန်းသေ သပ်စွာချုပ်လုပ်ထားရမည်။ ဝတ်ရုံကို နေရာတကာ၌ချွတ် မထားရ။ ပို၍သက်သောင့်သက်သာ ရှိလေအောင် အမျိုးသား တို့အနေဖြင့် ကော်လာအဝိုင်းနှင့် အင်္ကျီလက်တိုကို ဝတ်ဆင်နိုင် သည်'ဟူ၍ဖြစ်သည်။ ယင်းဝတ်ရုံ အမျိုးအစားသည် ၁၉ရာစု နှင့် နှစ်ဆယ်ရာစုအစော ကာလက ဝတ်ဆင်ခဲ့ကြသော အကန့် ငါးကန့်ထည့်သွင်း ချုပ်လုပ်ထားသည့် မင်းမျိုးစိုးနွယ်ဝတ်ရုံ အိုငုသန်အမျိုးအစား၌ ပါဝင်သည်။ ပါရီမှဖက်ရှင်ပုံစံကို မှီး၍ ဟနွိုင်းတက္ကသိုလ်မှ ငုယင်ကက်သုန်နှင့် အခြားအနုပညာ ရှင်များက ငုသန်ဝတ်ရုံကို ခေတ်ပေါ်ဒီဇိုင်းဖြစ်အောင် ၁၉၂ဝ ပြည့်နှစ်များနှင့် ၁၉၃ဝခုနှစ်များအတွင်း ပြုပြင်ဖန်တီးခဲ့ကြ သည်။ ယနေ့ခေတ် ဗီယက်နမ်အမျိုးသမီးတို့ ကျယ်ကျယ် ပြန့်ပြန့်ဝတ်ဆင်နေကြသော အချိုးအစားကျနသည့်ဝတ်စုံကိုမူ ဆိုင်ဂုံသား ဒီဇိုင်နာတို့က ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ဗီယက်နမ် ၏သင်္ကေတ အဖြစ်ရှိနေသော အိုဒိုင်နှင့် နွန်လာဝတ်ရုံတို့ကို မြင်တွေ့ရတိုင်း ဗီယက်နမ်လူမျိုးတို့က ဟွေတို့ကို အမှတ်တရ ဖြစ်ကြသည်။ ခရမ်းရင့်ရောင် အိုဒိုင်ကိုမူ ဟွေဒေသ၌သာ အများအားဖြင့် ဝတ်ဆင်လေ့ရှိကြသည်။ ခရမ်းရင့်ရောင်မှာ ရှေးဟောင်းမြို့တော်ဟူသော မြို့တော်၏ သမိုင်းအမွေအနှစ်နှင့် လည်း ဆက်စပ်ပတ်သက်လျက်ရှိသည်။

ရိုးရာအစားအစာ

ဘွန်ဘိုဟွေးမှာ ဟွေတို့၏ ရိုးရာ ခေါက်ဆွဲဟင်း တစ် မျိုးဖြစ်သည်။
ဟွေဟင်းလျာသည် ဗီယက်နမ်နိုင်ငံတစ်ဝန်းလုံးကိုလည်း ဆွဲဆောင်ထားနိုင်၏။ သို့သော် အထင်ရှားဆုံး အချက်မှာ သက်သတ်လွတ် စားသုံးသူများအား ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။ မြို့တော်၏ နေရာအနှံ့အပြားတွင် သက်သတ်လွတ်စား သောက်ဆိုင်များ များစွာရှိနေသည်။ မိရိုးဖလာကိုးကွယ်ယုံ ကြည်လာကြသော ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာယုံကြည်ကြသည့် ဒေသခံတို့သည် တစ်လလျှင်နှစ်ကြိမ် သက်သတ်လွတ် စားလေ့ရှိကြသောကြောင့်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ဟွေ ဟင်းလျာတို့ကို အခြားဒေသဟင်းလျာများတို့နှင့် ရောနှော တည်ခင်းလေ့ရှိသည်။ နန်းတွင်း စားတော်အုပ် ဟင်းလျာအဖြစ် အမြည်းသဘော ဟင်းပွဲငယ်ဖြင့်လည်း တည်ခင်းရောင်းချလေ့ရှိသည်။ စိတ်ဝင်စားမှုအခံရဆုံးဟင်းတစ်မည်လည်းဖြစ်သည်။

ကိုးကွယ်ယုံကြည်မှု

ဗီယက်နမ်နိုင်ငံ အခြားဒေသတို့ထက် ဟွေမှာဗုဒ္ဓ ဘာသာကို ပို၍ နှစ်နှစ်ကာကာယုံကြည်မှုရှိသော ဒေသဖြစ်သည်။ အခြားသောဒေသတို့ထက် ပို၍လည်းဘုန်းတော်ကြီး ကျောင်းများစွာရှိသည်။ နိုင်ငံ၏ အကျော်ကြားဆုံးဘုန်းတော် ကြီးများ ပေါ်ထွက်ရာဒေသလည်း ဖြစ်သည်။ ထင်ရှားသောဖြစ် ရပ်တစ်ခုမှာ ၁၉၆၃ ခုနှစ်က တောင်ဗီယက်နမ်အစိုးရ၏ ဗုဒ္ဓဘာသာဆန့်ကျင်ရေးမူဝါဒကို ကန့်ကွက်သည့်အတွက် သီချင်ဒေါက်အား ဆိုင်ဂုံသို့ မောင်းထုတ်ခဲ့သည့် ဖြစ်ရပ်ဖြစ် သည်။ သီချင်ဒေါက်သည် ဆိုင်ဂုံရှိလမ်းတစ်လမ်းပေါ်၌ ကိုယ့် ကိုယ်ကိုယ်မီးရှို့ သတ်သေသွားခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း

ဟွေတွင် ကမ္ဘာလှည့်ခရီးသွားတို့ကို ဆွဲဆောင်နိုင် သောဒေသအများအပြားရှိသည်။ မြောက်ဘက်ကီလိုမီတာ ခုနစ်ဆယ်ခန့်ဝေးကွာသောဒေသရှိတွင် စစ်မဲ့ဇုန်ရှိသည်။ စစ်ပွဲနှင့် ပတ်သက်နေသည့် အပြင်အဆင်များကိုခင်းကျင်းပြ သထားသည်။ ကျောက်တောင်ဒေသ၊ ခေဆာစစ်အခြေ စိုက်စခန်းနှင့် ဗင်မောက်ဥမင်လိုဏ်ခေါင်းစသော နေရာများပါ ဝင်သည်။

ရည်ညွန်း - ဝီကီပီဒီယ


No comments:

Post a Comment