မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်လတာ ဗေဒင်ဟောစာတမ်း


ARIES မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၂၀ ကြား မွေးနေ့ရှင်များ)

နေထိုင်ရာအိမ်တွင် ကပ်ရသည် မရှိဘဲ အပြင်မနားတမ်း ထွက်နေရမည်။ မိတ်ဆွေ သူငယ်ချင်း တစ်ဦးအတွက် စိတ်မကောင်းဖြစ် ပူပန်ပေးရ တတ်သည်။ မိသားစုအရေးလည်း ပူပန်ရတတ်သည်။ ငွေရစရာ အခွင့်အရေးတစ်ခု လွဲချော်ဖွယ် ရှိသည်။ အလုပ်ထဲတွင် အထက်လူကြီးနှင့် အဆင်ပြေသလောက် တန်းတူများ၊ လက်အောက် ငယ်သားများနှင့် သဘောထားခြင်း မတိုက်ဆိုင်ဘဲ သင်းကွဲနေမည်။ ယခုတစ်လအတွင်း ဘ၀အတွက် အရေးပါသော စာချုပ်စာတမ်းများ လက်မှတ်ထိုးရမည်။ ထိုစာချုပ်များမှ ကောင်းကျိုးများ ပေးမည်။

အချစ်ရေးတွင် ချစ်သူရှိပြီးသားလူများ သဘောထား မတိုက်ဆိုင်၍ ကတောက်ကဆ ဖြစ်ကာ အနည်းငယ်မျှ ကြိတ်စိတ်ဆင်းရဲရဖွယ် ကာလဖြစ်သော်လည်း စိုးရိမ်စရာမရှိပါ။။ ချစ်သူအပေါ် အေးစက်စက် နေတတ်သော ပုံစံကို ပြင်ပါ။ ချစ်သူ မရှိသေးသူများ မပြတ်မသား စိတ်ထားနှင့် ဗျာများနေမည်။ ယခုလပိုင်းများတွင် အသက် ၁၈ နှစ်၊ ၂၉ နှစ်၊ ၃၈ နှစ်၊ ၄၃ နှစ် ပြည့်ပြီးသူများ အထူးသတိထား၍ အရာရာ ဂရုစိုက် လုပ်ကိုင်သင့်သော ကာလဖြစ်သည်။

ပညာရေးတွင် ထူးထူးခြားခြား ကောင်းနေသည်။ အသက်၂၂ နှစ်၊ ၂၇ နှစ် ပြည့်ပြီးသူများ ထင်မှတ်မထားသော ကောင်းသည့် အပြောင်းအလဲများ ကြုံကိန်းရှိသည်။ မီး၊ လျှပ်စစ် တို့ကို သတိဖြင့် ကိုင်တွယ်ပါ။ အပရိက အနာရောဂါများမှ အပ ကျန်းမာရေး တည်ငြိမ်နေမည်။ စတင် ရင်းနှီးမြှုပ်နှံလိုက်သော အလုပ်များ ကောင်းစွာ အကျိုး ဖြစ်ထွန်းမည်။ အိမ်တွင်းရေး သာယာမည်။ ဒီဇင်ဘာလတွင် ထီကံကောင်းသည်။

TAURUS ပြိဿရာသီဖွား (ဧပြီ ၂၁ မှ မေ ၂၁ ကြား မွေးနေ့ရှင်များ)

မိသားစုတွင်း တစ်ဦးဦး၏ ကျန်းမာရေးချို့ယွင်းမှုကြောင့် ငွေကုန်ကြေးကျ များဖွယ် ရှိသည်။ လမ်းသွားရင်း ထိခိုက်ဒဏ်ရာ ရတတ်သဖြင့် ဆင်ခြင်ပါ။ မိမိအပေါ် စိတ်ကောင်းစေတနာ ထားသူများ ကြုံရမည်။ ခရီးယာယီ သွားရကိန်း ရှိသည်။ လက်ရှိနေထိုင်ရာ ဒေသမှ အရှေ့တောင်အရပ်သို့ သွားဖြစ်ပါက အပြန်တွင် ထီထိုးသင့်သည်။ အသက် ၃၅ နှစ်နှင့် ၃၇ နှစ်ကြား ရှိသူများ ထူးထူးခြားခြား ဘ၀အောင်မြင်ကြီးပွားမှုများ စတင်တတ်သော ကာလဖြစ်မည်။ အသက် ၁၇၊ ၂၁၊ ၃၂၊ ၃၄ နှစ် ပြည့်ပြီးသူများ လွဲချော်မှု အညံ့လေးများ နေရာအနှံ့ ကြုံနေရသော ကာလဖြစ်၍ သတိနှင့် ပြုမူဆောင်ရွက်ရန် လိုသည်။

ကာလကြာရှည် မပြေလည်ခဲ့သူ တစ်ဦးနှင့် အလိုလို ပြေလည် သွားဖွယ်ရှိသည်။ ပညာသင်ကြားနေသူ လူငယ်များ အပျော်အပါး များနေမိ၍ ပညာရေး လစ်ဟင်းမည်။ သားသမီး ကလေးငယ် ရှိသူများ ကလေးကျန်းမာရေး ဂရုစိုက်ရန် လိုသော ကာလဖြစ်၏။
မေတ္တာရေးတွင် စိတ်နေစိတ်ထား ရိုးသူ ပြိဿရာသီဖွား မိန်းကလေးများ ပါးနပ်သွက်လက်၍ လူမှုရေးကောင်းသူ အမျိုးသားများနှင့် တွေ့ကာ ချစ်ကြိုးသွယ် ရတတ်သည်။ ပြိဿရာသီဖွား အမျိုးသားများ ယခု ဟောစာတမ်းပါ ကာလအတွင်း (ဘ၀လက်တွဲဖော် မဟုတ်သော သာမန်) ချစ်သူတစ်ဦး ရကိန်း/ ချစ်မိကိန်း ရှိသည်။ ကျန်းမာရေးတွင် ရေချိုး ခေါင်းလျှော်ခြင်းကြောင့် အာရုံကြောဆိုင်ရာ ရောဂါတစ်ခု ယခုနှစ်လအတွင်း ခံစားရကိန်း ရှိသဖြင့် အထူးဂရုစိုက်ပါ။

GEMINI မေထုန်ရာသီဖွား (မေ ၂၂ မှ ဇွန် ၂၁ ကြားမွေးနေ့ရှင်များ)

လောင်းကစားခြင်း၊ လုပ်ငန်းများကို လောင်းကစားဆန်ဆန် လုပ်ကိုင်ခြင်းကြောင့် အရှုံးပေါ်ဖွယ် ရှိသည်။ အချိန်မီသေးလျှင် အမြန်ဆင်ခြင်ပါ။ မိမိ၏ မာနနှင့် သူတစ်ပါးအပေါ် အယုံအကြည် နည်းမှုကြောင့် အခွင့်အလမ်းတစ်ခု လက်လွတ်မည်။ ထိုကိစ္စအပေါ် နောင်တရကာ နောက်လူတစ်ယောက်၏ အမှားစကားကို ယုံမိကာ ထပ်မံထိခိုက်နစ်နာဖွယ် ရှိသည်။

အ၀တ်အထည်၊ တေးဂီတ၊ စာပေနယ်ပယ်၊ သတင်းနယ်ပယ်များတွင် လုပ်ကိုင်နေသူတို့ အထူးအဆင်ပြေ အောင်မြင်မှု ကာလ ဖြစ်သည်။ အတတ်ပညာ တစ်ခုခုကို အထူးပြုလေ့လာနေသူများ ပြည်ပ အလုပ်အကိုင်/ ပညာရေး အခွင့်အလမ်းများ လမ်းစပေါ်လာမည့် ကာလဖြစ်သည်။ ဓာတ်သတ္တု ကျောက်မျက် တူးဖော်ရေး လုပ်ငန်းခွင် ၀င်သူများ ထိခိုက်ဒဏ်ရာ ရတတ်၍ သတိထားပါ။ ၂၀ ၊ ၂၅၊၂၉၊ ၃၀၊ ၃၃ နှစ်ခန့် ရှိသူများ ပတ်ဝန်းကျင် အတိုက်အခိုက် ရှိသည်။

အသင်းအဖွဲ့ ကုမ္ပဏီများတွင် လုပ်ကိုင်နေသူများ လပိုင်းအတွင်း ရာထူးနေရာ တိုးတက်သွားတတ်သည်။ ဆေးပညာ လောကသားများ ခန္ဓာကိုယ် အပေါ်ပိုင်း ကုသခြင်း ဆိုင်ရာ ဘွဲ့လွန်များ၊ ခွဲစိတ်ခြင်းဆိုင်ရာ ဘွဲ့လွန်များ အတွက် ကြိုးပမ်းနေသည် ဆိုပါက ရည်မှန်းချက် အထူးအောင်မြင်ဖွယ် ရှိ၏။

မေထုန်ရာသီဖွား ချစ်သူရှိသူ/ အိမ်ထောင်ရှင် အမျိုးသမီးများ မိမိ တစ်ချိန်က အချစ်ရေးကိစ္စ များပြားခဲ့မှုကြောင့် လက်ရှိ ချစ်သူ/ အမျိုးသားနှင့် ပြဿနာတက်ဖွယ် ရှိသည်။ ရည်ရွယ်ထားသူ ရှိသူများ တစ်ဖက်သတ် အချစ်နှင့် အချိန်ကြာဦးမည်။
အသက် ၂၅၊ ၂၆၊ ၄၈၊ ၇၂ အရွယ် ရှိသူ မေထုန်ရာသီဖွားများ ယခုလပိုင်းများအတွင်း ကျန်းမာရေး အထူးညံ့နေသည်။ ကျန်သူများအတွက် ခြုံပြောရလျှင်တော့ ယခု ကာလအတွင်း ကြီးကြီးမားမား ရောဂါများ မဖြစ်တတ်ဘဲ ကျန်းမာရေး ကောင်းနေမည်။

CANCER ကရကဋ်ရာသီဖွား (ဇွန် ၂၂ မှ ဇူလိုင် ၂၂ ကြား မွေးနေ့ရှင်များ)

မိမိ၏ စိတ်ရင်းစေတနာနှင့် ဆောင်ရွက်မှုများကြောင့် လူမှုရေးဆိုင်ရာ ဆွတ်ပျံ့ကြည်နူးဖွယ်၊ ပီတိဖြစ်ဖွယ်များ ခံစားရမည်။ မကြာသေးမီက ၀ယ်ယူခဲ့သော လျှပ်စစ်ပစ္စည်း/ ဇိမ်ခံပစ္စည်းတစ်ခု ချို့ယွင်းသွားသဖြင့် စိတ်ညစ်ရမည်။ မိမိ၏ ပညာရေးအပေါ် မိသားစု/ ပတ်ဝန်းကျင်မှ တိုက်တွန်းလွန်းလှသဖြင့် ပုံမှန် လေ့လာဖြစ်နေမည်။

အကြောင်းအရာ မည်မည်ရရ မရှိဘဲ စိတ်လေးလံနေခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်းများ ကြုံနေရတတ်သည်။ ပြင်နိုင်ရန် ကြိုးစားလျှင် နေ့စဉ်ဘ၀တွင် ပိုကောင်းလာမည်။ လက်ရှိ လုပ်နေသော အလုပ်/ ရင်းနှီးမြှုပ်နှံမှုကို တစ်ပိုင်းတစ်စနှင့် ရပ်ကာ အသစ်ပြောင်းလုပ်ရန် စိတ်ကူးမိတတ်လျှင် ယခု တစ်လအတွင်း စရန် မသင့်တော်သေးပါ။ အချိန်ယူ စဉ်းစားလျှင် ထိုထက်ကောင်းသော အလုပ်တစ်ခု အလိုလို တွေ့လာမည်။ တန်ဖိုးကြီး ပစ္စည်းတစ်ခုခု သူတစ်ပါး လိုအပ်နေ၍ ပေးကမ်းရတတ်သည်။

၂၀၁၀ ခုနှစ်၏ နောက်ဆုံး သုံးလအတွင်း လက်ထပ်ရန် အကြံအစည် စပေါ်သော ကရကဋ်ရာသီဖွားများ မိမိအပေါ် နားလည်၍ အထူးတည့်ကာ တစ်သက် မကွဲနိုင်လောက်သော အိမ်ထောင်ဖက် ရရှိမည်။ ဒီဇင်ဘာလ၊ ဇန်န၀ါရီ နှစ်လတွင် လက်ထပ်ဖြစ်ပြီး စည်းစိမ်ဥစ္စာများ တိုးပွားမှုလမ်းစအပေါ် ရောက်ရှိမည်။

အိမ်ထောင်ရေးကံ အထူး ကောင်းနေသော်လည်း အချစ်ရေးကံ ခေလှသော ကာလဖြစ်သည်။ နှစ်ရှည်လများ ချစ်မြတ်နိုးသူဖက်မှ စတင်၍ လမ်းခွဲစကား ဆိုခြင်း ခံရတတ်သည်။ အိမ်ထောင် ရှိပြီးသား ကရကဋ်ရာသီဖွား အမျိုးသားများ လက်ရှိ အိမ်ထောင်နှင့် သာယာချမ်းမြေ့ နေသော်လည်း စိတ်လှုပ်ရှား ဆွဲဆောင်နိုင်သည့် မိန်းမတစ်ဦး ပေါ်လာတတ်သဖြင့် မိသားစုဘ၀ အတွက် စိတ်ကို ထိန်းသင့်သည်။

လူသုံးကုန်ပစ္စည်း ဖြန့်ချီရေး၊ စစ်ဘက်၊ မွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော ကရကဋ် ရာသီဖွားများ အထူး တိုးတက်မည့် ကာလဖြစ်သည်။ သို့သော် မကြာသေးမီကမှ အသက် ၁၃ နှစ်၊ ၁၅ နှစ်၊ ၂၇ နှစ် ပြည့်ထားသူ ကရကဋ်ရာသီဖွားများ လူမှုရေး၊ ကျန်းမာရေး အညံ့ရှိနေသဖြင့် အထူး သတိထားပါ။ အသက် ၃၂၊ ၄၄၊ ၄၈၊ ၅၂ ခုနှစ်တွင် ရောက်ရှိနေသော သူများ လက်အောက်ငယ်သား လူယုံ ဒုက္ခပေးတတ်သည့် အပိုင်းအခြားသို့ ရောက်ရှိနေသည်။

LEO သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၃ ကြား မွေးနေ့ရှင်များ)

လူအထင်ကြီးအောင် လုပ်သော အလုပ်များကြောင့် ငွေကုန်လူပန်း ဖြစ်နေမည့် ကာလဖြစ်သည်။ လုပ်မိထားသော စည်းကမ်း/ ဥပဒေနှင့် မလွတ်ကင်းသော အလုပ်များမှ ဆိုးကျိုး ရတတ်သဖြင့် တတ်နိုင်သမျှ ရှောင်ကြဉ်၍ စည်းကမ်း လိုက်နာပါ။ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ထားသူများ လုပ်ငန်းတွင် မြဲမြဲ မနေဖြစ်ဘဲ အလည်အပတ် များနေမည်။

လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ လုပ်ငန်းများ၊ ပန်းချီ၊ စစ်ဘက်၊ လယ်ယာကိုင်းကျွန်း၊ တည်ဆောက်ရေးလုပ်ငန်း လုပ်သူများ လုပ်ငန်းအဆင့် မြင့်တက် အောင်မြင်မည့် ကာလ ဖြစ်သည်။ စိတ်ဖိစီးမှု များလာပြီး ကျန်းမာရေး ညံ့သလို ခံစားရတတ်သော်လည်း အနားအနည်းငယ် ယူရုံဖြင့် သက်သာသွားမည်။ ထူးခြားသော ကျန်းမာရေး အညံ့မရှိပါ။ လျှပ်စစ် ဓာတ်လိုက်ခြင်း၊ အပူလောင်ခြင်း အန္တရာယ် သတိထားရမည့် ကာလဖြစ်သည်။ စက်ရုံဝန်ထမ်းများ အထူးသတိထားသင့်လှသည်။

ပျိုရွယ်သော လူလွတ်များ ရွေးရခက်လောက်အောင် စန်းပွင့်မည်။ ရုပ်ရည် ပြေပြစ်၍ ငွေကြေးပြည့်စုံသူတစ်ဦးနှင့် ချစ်ကြိုးသွယ်ရဖွယ် ရှိသည်။ အသက် ၂၀ မပြည့်သေးသူများ ရူးမိုက်စွာ အိမ်ထောင်ပြုချင်စိတ် ပေါ်နေတတ်ပြီး မရှောင်နိုင်လျှင် သောကများရမည်။ အိမ်ထောင်ရှိပြီးသူများ မိမိ ပြောလိုရာ ပြော၍ အိမ်ထောင်ဖက်နှင့် အငြင်းအခုန်ဖြစ် စကားများရမည်။
အသက် ၂၆ နှစ် ပြည့်ပြီးသူ သိဟ်ရာသီဖွားများ ရည်ရွယ် မျှော်မှန်းထားသော အခွင့်အလမ်း အောင်မြင် ဖော်ဆောင်နိုင်မည်။ အသက် ၃၀ နှင့် ၃၂ နှစ်ကြား၊ ၄၈ နှင့် ၅၀ ကြား ရောက်ရှိနေသူများ အထူးကောင်းမွန်သော လပိုင်းတွင် ရောက်ရှိနေသည်။ ဒီဇင်ဘာလတွင် ထီကံပွင့်နေသည်။

VIRGO ကန်ရာသီဖွား (သြဂုတ် ၂၄ မှ စက်တင်ဘာ ၂၂ ကြား မွေးနေ့ရှင်များ)

ဘာသာစကား၊ တီထွင်ဆန်းသစ် ဖန်တီးခြင်း၊ ပညာရေး၊ စာပေ ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသူ ကန်ရာသီဖွားများ အရည်အချင်းနှင့် စွမ်းဆောင်ရည် အထူး တိုးတက်လာနေသော ကာလဖြစ်သည်။ ထိုလုပ်ငန်းများဖြင့် ကြီးပွားတိုးတက်မည့် အချိန်အခါကောင်း ယခုလပိုင်းမှစ၍ စတင်ပြီ ဖြစ်သည်။

ဒေါသတကြီး ပြုမူပြောဆိုမိသောကြောင့် ပတ်ဝန်းကျင်၊ လက်အောက်လူများနှင့် မသင့်မတင့် ဖြစ်ဖွယ် ရှိသည်။ မိမိချမှတ်ထားသော စည်းကမ်းများကို လျှော့ပေါ့ပေးရန် ပြောဆိုခြင်းများ အပေါ် အငြင်းအခုံ ဖြစ်ကြရမည်။ စနစ်တကျ စုဆောင်းထားသော ငွေကြေးပမာဏ များပြားလာသဖြင့် ပီတိဖြစ်ရသော ကာလဖြစ်သော်လည်း မထင်မှတ်ပဲ ငွေကုန်ကြေးကျ များသွားသဖြင့် ကြိတ်၍ ဒေါသထွက်ရတတ်သည်။ ခရီးသွားရင်း ပစ္စည်းပျောက်မည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သူများ အလုပ်ပင်ပန်းလွန်းသော ကာလဖြစ်မည်။ ဟိုတယ်လုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်း၊ ရတနာလုပ်ငန်း၊ စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်နေသူများ အထူးအကျိုး ဖြစ်ထွန်းမည်။ သဘင်၊ ရုပ်ရှင် အနုပညာသမားများ အထူးအောင်မြင် ၀င်ငွေ ရရှိမည်။ အသက် ၃၇ နှစ် ပြည့်ပြီးသူများ ထူးခြားကောင်းမွန်သော အပြောင်းအလဲနှင့် ကြုံမည်။
မိမိ၏ ဇီဇာကြောင် စည်းကမ်းကြီးမှုကြောင့် အိမ်ထောင်ဖက်နှင့် ပြဿနာ တက်မည်။ ရည်ရွယ်ထားသူ ရှိသူများ အုံ့ပုန်းချစ်ကြောင့် တစ်ဖက်လူ စိတ်လေနေမည်။ ဆီးရောဂါ တစ်ခုခု ခံစားရဖွယ် ရှိသည်။ ကန်ရာသီဖွား အမျိုးသမီးများ အမျိုးသမီး ရောဂါတစ်ခုခု စတင် ခံစားရတတ်သော ကာလဖြစ်၍ တစ်ခုခုဖြစ်လျှင် လက်ဦးမှု ရယူ ကုသပါ။

LIBRA တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ ကြား မွေးနေ့ရှင်များ)

လုပ်ငန်းခွင်၊ ပညာရေး စသည့် ကိစ္စများ၏ ပုံမှန် အချိန်ဇယားထဲတွင် ပိတ်မိနေတတ်သည်။ လူမှုရေးပြဿနာ တစ်စုံတစ်ရာ မကြုံရဘဲ ပတ်ဝန်းကျင်၊ မိသားစုနှင့် အဆင်ပြေနေမည့် ကာလဖြစ်သည်။ ဆေးကုသခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းများ၊ ဘာသာရေး လုပ်ငန်းများ၊ စာပေ၊ အနုပညာ လုပ်ငန်းများ တစိုက်မတ်မတ် လုပ်ကိုင်လာသူများ အခွင့်အလမ်းကောင်းများ ကမ်းလှမ်းခြင်း ခံရမည်။

ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခု စတင်သူများ အထူးသင့်တော်သော ကာလဖြစ်သည်။ အသက် ၂၆၊ ၂၇ သို့ ရောက်ရှိနေသူများ ဘ၀၏ ပန်းတိုင်ကို မျက်ဝါးထင်ထင် စမြင်ရမည့် ကာလဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေး၊ လူမျိုးခြားနှင့် ဆက်စပ်၍ လုပ်ကိုင်နေသူများ၊ ဥပဒေအကျိုးဆောင် လုပ်ငန်း လုပ်သူများ လာဘ်လာဘ ပွင့်လန်းမည်။ အမွေကိစ္စ ရင်ဆိုင်နေရသူများ ဇာတ်လမ်းအရှုပ်များ ရှင်းရပြီး ကြာဦးမည်။ စိတ်အလိုလိုက်၍ ငွေကုန်ကြေးကျ များနိုင်သည်။ မလိုအပ်ဘဲ ထိုင်အချိန်ဖြုန်းမိနေတတ်၍ လူမှုရေး ပျက်ကွက်နစ်နာမှုများ ရင်ဆိုင်ရဖွယ် ရှိသည်။

အစာအိမ် အူလမ်းကြောင်း ရောဂါများ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ ခံစားရတတ်သည်။ ခါးနာတတ်သည်။ အသက်အရွယ်ကြီးရင့်သူများ၊ အိမ်ထောင်မရှိသူ အမျိုးသမီးများ ရင်သားအလုံးအကျိတ်၊ အနာတစ်ခုခု ဖြစ်တတ်သော ကာလဖြစ်၍ ကျန်းမာရေး အသိရှိပါ။ မိဘအကြီးအကဲ ကျန်းမာရေး အတန်ငယ် ညံ့ရန် ရှိမည်။

ချစ်သူမရှိသေးသူများ ရပ်ဝေးမြေခြားမှ ချစ်ရသူ ရမည်။ ချစ်ဦးသူနှင့် ကတောက်ကဆ ပြဿနာများ ကြုံတွေ့နေရသူများ အပြီးတိုင် လမ်းခွဲရကိန်း ရှိသည်။ အိမ်ထောင်ပြုရန် စီစဉ်နေသူများ အိမ်ထောင်ဖက် လောင်းလျာနှင့် မေတ္တာရေစက် ရှေ့တိုးတက်ခိုင်မြဲ၍ နားလည်မှု အထူးတိုးတည် ဆောက်နိုင်မည်။

SCORPIO ဗြိ စ္ဆာရာသီဖွား (အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ ကြား မွေးနေ့ရှင်များ)

ညီအစ်ကို မောင်နှမ ရှိသူများ အလျှော့ပေးနေရသဖြင့် စိတ်ညစ်ရမည်။ အမျိုးသမီး အကြီးအကဲများနှင့် အငြင်းပွား စကားများ၍ ငြိုငြင်ခံရဖွယ် ရှိသည်။ မိမိ ထင်မြင်ချက် တစ်ဦးတည်းသဘောဖြင့် လုပ်မိလိုက်သော ကိစ္စများမှ နစ်နာမှု ကြုံရမည်။ တစ်စုံတစ်ယောက်ကို အငြိုးထား ကလဲ့စားချေရန် ကြံစည်နေပါက သင့်ကော တစ်ဖက်သားပါ ဆတူနစ်နာဖွယ် ရှိ၍ စိတ်လျှော့သင့်သော ကာလဖြစ်သည်။

အသက် ၂၂၊ ၂၄၊ ၂၇၊ ၃၀ ပြည့်ပြီးသူများ ကြိုးစားအားထုတ်နေသော နယ်ပယ်တွင် အထူး ဂုဏ်သတင်း ကျော်စော အောင်မြင်ခြင်း၊ မိမိ ကိုယ်ပိုင်ဥာဏ်ဖြင့် ဖန်တီးယူသော အရာများ ဈေးကွက်အတွင်းတွင် နေရာရ လူကြိုက်များခြင်း ကြုံတွေ့ရမည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း မိတ်ဆွေကောင်း တစ်ဦးကြောင့် ဖြစ်မည်။

အိမ်ထောင်ရေး မပြေမလည် ဖြစ်နေသူများ မေတ္တာရှေ့ထား ပြန်လည် စေ့စပ် ဆွေးနွေးခြင်းများ အချိန်မီ မပြုလျှင် ကွဲ၍ အစစ ဆုတ်ယုတ်ဖွယ် ရှိသည်။ မိမိ၏ စိတ်ထင်ရာ လုပ်တတ်သော စိတ်ထားကြောင့် ချစ်သူမှ အသစ်ရှာတွဲသွားတတ်သော ကာလလည်း ဖြစ်၍ မေတ္တာရေး အစစ အရာရာ ညံ့နေသော ကာလဟု ဆိုနိုင်မည်။ ချစ်သူရရန် ကြိုးစားနေသူများ မိမိ၏ သဘောနှင့် လုပ်ရပ်ကို ချစ်ရသူအပြင် ပတ်ဝန်းကျင်ကပါ မနားလည်သဖြင့် စေတနာ မေတ္တာများ သဲထဲရေသွန် နစ်ဖွယ် ရှိသည်။ သို့သော် မိမိထက် အသက်/ဂုဏ် ကြီးသူ တစ်ယောက်၏ နှစ်လိုဂရုစိုက်ခြင်း ခံရပြီး စိတ်ချမ်းသာဖွယ် ရှိသည်။

အသက် ၃၄၊ ၃၅ နှင့် ၅၅ နှစ် ပြည့်ပြီးသူများ အစိုးရ/ အထက်လူကြီးများ ထံမှ စည်းစိမ် လာဘ် ချီးမြှင့်ခံရကိန်း ရှိသည်။ ဘာသာရေးလိုက်စား၍ အရက်သေစာ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး တစ်ခုခု စွဲနေသော စိတ်ကို ထိန်းနိုင်ရန် အရေးကြီးသော ကာလအပိုင်းအခြားသို့ ရောက်ရှိနေသည်။ မူးယစ်နေစဉ် ထိခိုက်ဒဏ်ရာ ကြီးကြိးမားမား ရကိန်းရှိ၍ အထူးသတိထားပါ။ ကျောက်ကပ်နှင့် ဆီးရောဂါများ မဖြစ်ရန် ဂရုစိုက်ပေးသင့်သော ကာလဖြစ်သည်။

SAGITTARUS ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ ကြား မွေးနေ့ရှင်များ)

ဆွေမျိုး မိတ်သင်္ဂဟများနှင့် ပျော်ရွှင်စရာ ကာလများ ပိုင်ဆိုင်ရမည်။ မိဘ/ အကြီးအကဲများဆီမှ တောင်းဆိုသမျှ ရနေသဖြင့် အထူး ပြုံးပျော်နေရမည်။ အချိန်ကာလကြာမြင့်စွာ လွမ်းဆွတ်တသ သတိရနေရသူရှိနေသူများ ရင်ထဲမှ အပြီးအပိုင် ထုတ်ပစ်နိုင်ပြီး အဆွေးဓာတ်ခံများ ကင်းစင်မည်။ မွေးရပ်မြေမှ ပြောင်းရွှေ့၍ အလုပ်အကိုင် လုပ်ခွင့်ကြုံလျှင် ကောင်းကျိုး တိုးတက်မည်။

သူများပြောသော စကားကို မခံနိုင်၍ ပြန်ပြောရင်း စကားများ မခေါ်မပြော ဖြစ်သွားရသော ကာလမျိုး၊ သူတစ်ပါးကို အပြစ်ပြော၍ မိတ်ပျက်သွားတတ်သော ကာလမျိုး ဖြစ်၍ စကားအပြောအဆို လျှော့ပါ။ အချစ်ရေးတွင် အခုမြင်၊ အခုကြိုက်၊ အခုယူ လုပ်ရန် ကြံစည်နေသူများ မလောရန် အကြံပေးလိုသည်။ သေချာဆန်းစစ်၍ ပြင်ဆင်အချိန်မယူလျှင် စိတ်သောကများ ကြုံရမည်။

လူမှုရေး၊ စီးပွားရေး၊ ပညာရေး အဆင်သင့် ဖြစ်နေပြီးသူများ ချစ်သူ၏ လက်ထပ်ရန် သွေးအေးနေမှုကြောင့် ဆွေ့ဆွေ့ခုန် ဖြစ်နေရတတ်သဖြင့် စိတ်အေးအေး ထားရမည့် လပိုင်း ဖြစ်သည်။ ဓနုရာသီဖွား လူလွတ်အမျိုးသားများ မိမိချစ်ရသူထံမှ အသည်းချင်းထပ်တူ ကြည်ဖြူသော အရိပ်အယောင်/ အဖြေ ရရှိနိုင်သည့် ကာလဖြစ်သည်။

သတ္တုနှင့် ဆိုင်သော လုပ်ငန်းများ၊ ယာဉ်ရထား တည်ဆောက်မှု လုပ်ငန်းများ၊ စက်၊အင်ဂျင်နီယာ၊ ဆရာဝန် လုပ်ငန်း လုပ်သူများ၊ လက်ကားဖြန့်ချီရေး လုပ်သူများ ၀င်ငွေ အထူးကောင်းမွန်၍ လုပ်ငန်း ဂုဏ်သတင်း တက်မည်။ နောက်ကျောတက် ညောင်းညာကိုက်ခဲခြင်း၊ သွေးတိုးခြင်း၊ ချော်လဲခြင်း စသည် တို့မှအပ ကြီးမားသော ကျန်းမာရေး အညံ့မရှိပါ။

CAPRICORN မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၂၀ ကြား မွေးနေ့ရှင်များ)

စီးပွားရေး/ အသက်မွေးဝမ်းကျောင်း အလုပ်၌ လက်ရှိ လုပ်နေသော အလုပ်များ ရပ်တန့်ရအခက် အသစ်လုပ်ရအခက် ကြုံနေရမည်။ သို့သော် လျစ်လျူရှု၍ ခပ်ပေပေ နေကာ စိတ်ဝင်စားရာများကိုသာ လုပ်ကိုင်နေ၍ ထိုအလုပ်များကို တကယ်စသောအခါ အင်အားပြည့် မထူထောင်နိုင်ခြင်း/ လိုသော အလုပ်မရခြင်း စသည်တို့ ကြုံရတတ်သည်။

အာမခံထားသော ဦးဆောင်ထားသော အလုပ်များအတွက် အချိန်ကုန် လူပန်းဖြစ်သော်လည်း နောက်ဆုံးတွင် ပျော်ရွှင်မှု ရရှိမည်။ နေမကောင်းတကောင်း အခြေအနေကြားမှ ခရီးငယ်တစ်ခု နှစ်ခု သွားရတတ်သည်။ နေအိမ်/ လုပ်ငန်းခွင်တွင် နေရင်း မျက်နှာ(သို့) ဦးခေါင်းပိုင်း အနာတရ ဖြစ်တတ်သဖြင့် သတိထားပါ။ ယခုလအတွင်း လူမှုရေး/ စီးပွားရေး ကိစ္စရပ်များတွင် ဆုံးဖြတ်ချက် ချပြီးသားများ ပြန်ပြန် ပြင်ဆင်၍ လုပ်ဖြစ်နေမှု ခဏခဏ ဖြစ်မည်။ မိမိစဉ်းစားထားသော လမ်းစဉ်ကောင်းကို လက်နှေးကာ အကောင်အထည် မဖော်ဖြစ်ခင် သူများရယူ လုပ်ဆောင်သွားခြင်း ကြုံရတတ်မည်။ သူတစ်ပါးအကျိုး/ မိသားစုအကျိုး တို့၌ မိမိကြောင့် လူအများ စိတ်ချမ်းသာ အကျိုး ဖြစ်ထွန်းမည်။ ငွေတိုးယူ၍ ချေးသော ငွေများ ကြန့်ကြာခြင်း၊ ဆုံးခြင်း ကြုံရနိုင်၍ ငွေချေးပေးခြင်း အထူးသတိထားပါ။ မိမိ၏ အလုပ်တွင် အားထားရသူ အလုပ်နားခြင်း ထွက်သွားခြင်း ကြုံရမည်။

ချစ်သူရှိသူများ အချစ်ရေးနှင့် အလုပ်တာဝန်များကြား ဗျာများကာ နှစ်ဖက်လုံး ယုတ်လျော့ဖွယ် ရှိသည်။ ကြိုက်သူကို ချစ်ရေးဆိုပြီးမှ ချစ်သူပေါ်လာတတ်ကာ လူမသိသူမသိ အကြံရခက် နေရတတ်သည်။ မကာရရာသီ နှောင်းပိုင်းဖွား အမျိုးသမီးများ (ဇန်န၀ါရီ ၈ ရက်မှ ၂၀ ကြားမွေးသူများ) အထူးစန်းပွင့်နေကာ ချစ်ရေးဆိုမှု ၂ ကြိမ် အနည်းဆုံး ကြုံတွေ့ရမည့် ကာလ ဖြစ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် သွေးအေးနေမည်။ သားသမီး၏ ကျန်းမာရေး/ ပညာရေး/ လူမှုရေး ပြဿနာများကို ဖြေရှင်းပေးရတတ်သည်။

ခန္ဓာကိုယ်၌ အနာတစ်ခုခု၊ ကူးစက်ရောဂါ ရကာ ဖျားနာနေသူများ ကင်းကင်းရှင်းရှင်း ပျောက်အောင် မကုဘဲ နေရာမှ အသက်အန္တရာယ်အထိ နီးကပ်သွားတတ်သော ကာလဖြစ်၍ ဤသို့ ရောဂါတစ်ခုခု ရှိခဲ့လျှင် အမြန် အမြစ်ပြတ်အောင် ကုထားပါ။ အာရုံကြော အားနည်းသော ရောဂါ၊ လိပ်ခေါင်းရောဂါ အပါအ၀င် ခန္ဓာကိုယ် အောက်ပိုင်း ဆိုင်ရာ ရောဂါများ ခံစားရတတ်သည်။

ပညာရေးတွင် ကံ၊ ဥာဏ်၊ ၀ီရိယ အချိုးညီမျှ ကောင်းမွန်နေမည်။ အရေးကြီးသော စာအုပ်/ မှတ်စု ပျောက်တတ်သည်။ အသက် ၂၁၊ ၂၅၊ ၃၄၊ ၃၉၊ ၄၃၊ ၅၂၊ ၆၂ ပြည့်ပြီးသူများ ကောင်းသော ကံအပြောင်းအလဲများ ရရှိခံစားရမည်။ ၃၅ နှစ် ပြည့်ပြီး ၃၇ နှစ်ကြား မကာရရာသီဖွားများ ကြိုးစားမှု၏ ဆုလာဘ်ဖြစ်သည့် ထူးခြားသော ဘ၀မြင့်တက်မှုကို ဒီဇင်ဘာလနှင့် လအနည်းငယ်အတွင်း ရရှိမည်။

AQUARIUS ကုမ်ရာသီဖွားများ (ဇန်န၀ါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈ ကြား မွေးနေ့ရှင်များ)

ခေါင်းမာ၍ အပြောင်းအလဲကို မလိုက်ပါလိုသော သဘောကြောင့် အငြင်းအခုံ အတိုက်အခံများ ကြုံတွေ့ရမည့် ကာလဟု ဆိုနိုင်သော်လည်း နောက်ဆုံးတွင် မိမိမှန်ရာ အရေးဆိုသမျှ အောင်မြင်မည်။ ထို့ကြောင့် မိမိကလည်း သူ့ဘက် ကိုယ့်ဘက် အဆင်ပြေအောင် ဆောင်ရွက်ပေးသင့်သည်။

လုပ်ငန်းခွင်အတွင်း အထက်လူကြီးနှင့် ထူးခြားစွာ အဆင်ပြေပြီး တန်းတူများနှင့် ချစ်ကြည်ရေး တည်ဆောက်နိုင်မည်။ သို့သော် ကိုယ့်ကြောင့် မဟုတ်ပဲ သူတစ်ပါးအတွက် ၀င်၍ အချင်းများပေးရတတ်သဖြင့် သတိပြုပါ။ မနာလိုသူ အထူးများသော ကာလ ဖြစ်မည် ဖြစ်သော်လည်း အထူးပြဿနာမရှိပါ။ ကျန်းမာရေးတွင် လက်ဝါး၊ လက်ဖျံတို့၌ မတော်တဆ အနာတရ ဖြစ်တတ်သည်။ ပြင်းထန်သော အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ ရသွားတတ်သဖြင့် ဂရုစိုက်ပေးပါ။ အသက်အရွယ် ကြီးရင့်သူ ကုမ်ရာသီဖွား အမျိုးသားများ ဆီးနှင့် ဆိုင်သော ဝေဒနာ ခံစားရပါက စောစီးစွာ ကုသရန် လိုအပ်သော ကာလဖြစ်၏။

မိမိ၏ အချစ်ကို ဖွင့်မပြောဖြစ်သဖြင့် ချစ်ရသူ သူများ၏ အချစ်ကို အသိအမှတ်ပြုသွားသော အဖြစ်မျိုး ကြုံရဖွယ် ရှိသည်။ ချစ်သူရှိသူများ မိမိ၏ လူမှုရေး အယူအဆများ အယူသည်းမှုများကြောင့် ချစ်သူနှင့် တကျက်ကျက် ဖြစ်ဖွယ် ရှိသော်လည်း ညှိနှိုင်း ပြေလည်မည်။ အသက် ၂၆ နှစ် ပြည့်ပြီးသူ ကုမ်ရာသီဖွား အမျိုးသမီးများ အိမ်ထောင်ဖက်ကောင်းနှင့် ဆုံမည်။ အနုပညာရှင်၊ အနုပညာ ဖန်တီး ခံစားတတ်သူများနှင့် ချစ်လမ်းခရီး လျှောက်ကြမည့် ကုမ်ရာသီဖွားများ မိမိ၏ ပါရမီ ဖြည့်တတ်သော စိတ်ထားကြောင့် အထူးပြဿနာမရှိဘဲ အေးချမ်းမည့် ကာလ ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်း၊ စာပေလုပ်ငန်း၊ မြေနေရာ အိမ်ခန်း အရောင်းအ၀ယ် လုပ်ငန်း လုပ်သူများ ကြီးပွားရေး လမ်းစအပေါ် စလျှောက်မိသည့် ကာလ ဖြစ်သည်။ အသက် ၂၅ မှ ၂၇ ကြား ရှိသူများ မိမိအားကိုး၇သူ လူကြီး/ ဆရာသမားတို့နှင့် ခွဲခွာရကိန်း ရှိသည်။ ၂၅၊ ၄၃၊ ၆၁ နှစ် ပြည့်ပြီးသူများ အများ၏ အထင်လွဲခံရခြင်း၊ သစ္စာဖောက်ခံရခြင်းများ ခံရတတ်သော ကာလအပိုင်းအခြား ဖြစ်သည်။ သူတစ်ပါး အိမ်ရာကို မမှားမိအောင် အထူး ဆင်ခြင်သင့်သော ကာလလည်း ဖြစ်သည်။ မိမိ၏ ယုံကြည်ချက်ကို လာရောက်ထိပါး လာသူများကို ပြန်လည် တုံ့ပြန်ခြင်း မပြုဘဲ မိမိ၏ ပန်းတိုင်ကို မဆုတ်မနစ် ကြိုးစားရင်း အောင်မြင်မှု ရရှိမည့် အနေအထားကောင်းသို့ နေ့ချင်းညချင်း ရောက်ရှိသွားမည်။

PIECES မိန်ရာသီဖွားများ (ဖေဖော်ဝါရီ ၁၉ မှ မတ်လ ၂၀ ကြား မွေးနေ့ရှင်များ)

မိမိတည်ရှိရာ အ၀န်းအ၀ိုင်း၏ ဦးစီးဦးဆောင်အဖြစ် အလိုလို တာဝန်ယူရမည့် ကာလဖြစ်သည်။ သို့သော် ဥာဏ်နီဥာဏ်နက်များဖြင့် လုပ်ရန် မသင့်ဘဲ အများ၏ လုပ်အားကို တိကျစွာ ဆောင်ယူကွပ်ကဲ၍ အောင်မြင်ခြင်းကို ရယူသင့်သည်။ ယခု ကာလ အပိုင်းအခြားတွင် ဘာသာရေး၊ စိတ်ပညာ စသည်တို့၌ လေ့လာလိုစိတ် အထူးပေါ်နေတတ်သည်။

ကျန်းမာရေးတွင် အထူးအညံ့မရှိသော်လည်း နေမကောင်းဖြစ်လျှင် ဆရာဝန်များ မျက်စိလည်သော ရောဂါ ရှာရခက်သော ရောဂါရတတ်ပြီး အချိန်ကုန် လူပန်း ဖြစ်ရတတ်သည်။ နားကိုက်၊ မျက်ရိုးကိုက် ဖြစ်တတ်သည်။ မွေးရပ်မြေမှ ထွက်ခွာကာ အလုပ်လုပ်ရခြင်း၊ ပြည်ပခရီး သွားရန် ကြုံခြင်း လမ်းစပေါ်လာမည့် ကာလဖြစ်သည်။ သူတစ်ပါး၏ အရှုပ်အထွေးကိစ္စထဲ မပါအောင် အထူးသတိထားပါ။

အိမ်ထောင်ပြုရန် ကြံစည်နေသူ မိန်ရာသီဖွားများ အခက်အခဲ အတားအဆီးများ အချို့ ရင်ဆိုင်ရမည့် ကာလ ဖြစ်သည်။ ကျော်လွှားနိုင်ရန် ခက်ခဲမည် ဖြစ်သော်လည်း နှစ်ဦးစလုံး လက်တွဲညီလျှင် သေချာပေါက် ကျော်လွှားနိုင်မည်။ ပျိုရွယ်သူတို့ ချစ်သူ၏ အထင်လွဲခြင်းကို ခံရနိုင်သော ကာလဖြစ်သည်။ ချစ်သူနှစ်ယောက် ပြိုင်ထားရန် ကြံစည်နေလျှင် အကျိုးယုတိဖွယ် ရှိ၍ လက်လျှော့ သင့်သည်။ ယခုကာလတွင် အသက် ၂၀ ၊ ၃၇ ပြည့်ပြီးထားသူ မိန်ရာသီဖွားများ ကျန်းမာရေးအတွက် အစစ အရာရာ အထူးသတိထား၍ နေထိုင်ပါ။ ကံနိမ့်နေတတ်သည်။ အသက် ၂၂၊ ၃၃၊ ၄၂၊ ၄၈၊ ၅၂ ပြည့်ပြီးထားသူများ အပြောင်းအလဲ ထူးခြားမှုများ တောက်လျောက် ကြုံရန် ရှိနေသည်။ အသနား လွန်ကဲခြင်းရှောင်ရန် လိုအပ်သော ကာလ ဖြစ်သည်။

No comments:

Post a Comment