မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

Dora အပျော်စီးခရီးသွား သံစဉ်တစ်ပုဒ်


လူတွေဟာ ရှင်သန်ဖို့အတွက် ရုန်းကန်နေကြရတယ်။ အဲလို ရုန်းကန်မှုတွေထဲမှာ ဝါသနာပါရာ အလုပ်အကိုင်နဲ့ ဘဝကိုရှင် သန်နေထိုင်နိုင်သူအရေအတွက်က အနည်းငယ်လောက် သာ ရှိတာပါ။ ကိုယ်ဝါသနာပါရာ အလုပ်ကိုလုပ်ရင်းဒုက္ခတွေကို ပျားရည်လိုမော့သောက်ခဲ့ကြရတာပါပဲ။ ဒီလိုနဲ့ အနုပညာရှင်တွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေစသည်ဖြင့် လူ့သမိုင်း စာမျက်နှာတွေပေါ်မှာ တစ်ရွက်ပြီးတစ်ရွက်နေရာယူ နိုင်ခဲ့ကြပါ တယ်။ အခုမြန်မာပြည်က အပျော်စီးသင်္ဘောတစ်စင်းအတွက် ဝါသနာအရင်းခံပြီး စိတ်ကောင်းစေတနာအပြည့်နဲ့ ဝန်ဆောင်မှု ပေးနိုင်အောင် သင်္ဘောကိုတည်ဆောက်ပေးထားတဲ့ Dora ရဲ့ ဖန်ဆင်းရှင်ဦးမြင့်အောင်ရဲ့ ရင်ထဲကစကားသံတွေကို ဖွင့်ချ ပေးလိုက်ပါတယ်။
ကျွန်တော်က R.I.T ကနေ BE (Mechanical) နဲ့ ၁၉၇၉ မှာကျောင်းပြီးတယ်။ ကျွန်တော်တို့ခေတ်က နိုင်ငံခြားသွားချင်ရင် သင်္ဘောလိုက်တဲ့နည်း တစ်ခုပဲရှိသေးတယ်။ Show Job က လည်းမရှိသေးဘူး။ ကျွန်တော် သင်္ဘောအင်ဂျင်နီယာ အဖြစ်လိုက်သွားတယ်။ ကျွန်တော့်မိဘတွေနဲ့ ယောက္ခမတွေ အကုန်လုံးက ကုန်သည်မျိုးရိုးတွေဆိုတော့ သူတို့ကကိုယ်ပိုင် Business ပဲလုပ်စေချင်ကြတယ်။ ကျွန်တော်က အပြင်ထွက် ချင်လွန်းလို့သာ အိမ်ကခွင့်ပြုခဲ့တာ။ ကျွန်တော်က သင်္ဘော လိုက်ရင်းနဲ့ ဘာစိတ်ကူးမိလည်းဆိုတော့ ကျွန်တော်သူများဆီ မှာဝန်ထမ်းသဘောမျိုးနဲ့ သင်္ဘောလိုက်နေရတာကိုတစ်သက် လုံးလိုက်ဖို့တော့ ရည်ရွယ်ချက်မရှိဘူး။ ကျွန်တော်က Ship Owner ဖြစ်ချင်တာ။ လောလောဆယ် အခြေအနေမှာ သင်္ဘောကြီးတွေ ဆောက်ဖို့မတတ်နိုင်သေးလို့ အခုလိုသင်္ဘော အသေးလေးကို အရင်စလုပ်လိုက်တာ။ ကျွန်တော်က သင်္ဘော ဆောက်တာကိုဝါသနာပါတယ်ဗျာ။ အပျော်စီးသင်္ဘောကို လည်း Crazy ဖြစ်တယ်။ အဲဒီတော့သင်္ဘော စလုပ်မယ်ဆိုတော့ ကိုယ့်တစ်နိုင်ဆိုရင် ဒီလိုမျိုး အသေးပဲဆောက်လို့ရမှာလေ။ ပညာပိုင်းဆိုင်ရာတော့လိုတာပေါ့။ ကျွန်တော့်အတွေ့အကြုံက ကုန်တင်သင်္ဘောကြီးတွေပြင်တယ်။ ကိုယ်တိုင်လည်းသင်္ဘော လိုက်ခဲ့တယ်။
ကုမ္ပဏီထောင်တော့လည်း သင်္ဘောနဲ့ပတ်သက် တာတွေပြင်တာ၊ အသစ်ဆောက်တာတွေပဲလုပ်ဖြစ်တယ်။ အပျော်စီးသင်္ဘောကျတော့ ကုန်တင်သင်္ဘောနဲ့ Class မတူ တော့ဘူး။ အထဲမှာ လည်းဖွဲ့စည်းပုံ မတူတော့ဘူးပေါ့။ စင်္ကာပူမှာ Boat show ဆိုပြီး တစ်နှစ် တစ်ခါလုပ်တာရှိ တယ်။ ကျွန်တော် အမြဲတမ်းသွားကြည့်ဖြစ်တယ်။ သူတို့သုံး ထားတဲ့ ပစ္စည်းတွေဘာတွေသုံးထားသလဲဆိုတာကိုလေ့လာတယ်။ နိုင်ငံခြား Boat Catalague တွေ ကြည့်တယ်။ အပျော်စီးသင်္ဘောကို ကိုယ်တိုင်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သင်္ဘောတစ်စင်းဆောက်တော့မယ်ဆိုရင် သင်္ဘာဒီဇိုင်းက အရမ်းအရေးကြီးတယ်။ ဒီဇိုင်းကိုလည်းဒီ Field မှာ ကျွမ်းကျင်တဲ့ Professional ပဲလုပ်လို့ရတာ။ အဲဒီတော့ DORA Boat ကို သြစတေးလျကိုလှမ်းပြီး ကမ်းရိုးတန်းသွားအဖြစ် ရည်ရွယ်ပြီး အပ်ခဲ့တာ။ မြိတ်၊ ထားဝယ်၊ ကော့သောင်း ကမ်းရိုးတန်းနဲ့ ကျွန်းတွေပတ်သွားလို့ရအောင် ဒီဇိုင်းကိုအပ်ခဲ့တယ်။ River နဲ့ Coaster ကလည်းမတူဘူး။ River ကျတော့ ရေတိမ်သွား Class က ဒီလောက်မမြင့်ဘူး။ မြစ်ထဲမှာ ဆိုတော့ Class က ဒီလောက်မမြင့်ဘူး။ Coaster ဆိုရင်ပိုမြင့်လာပြီ။ ဘာတွေပါရမယ်။ ဘယ်လိုဆောက်ရမယ်ပေါ့။ ပင်လယ်ကူး(Ocean)ကို ဖြတ်မယ်ဆိုရင် အရမ်းမြင့်သွား ပြီ။ ဒီ DORA ကိုကျတော့ Coaster လို့ခေါ်လို့ရတယ်။ ဒီဇိုင်းကို သြစတေးလျကနေဝယ်လိုက်တယ်။ ကျွန်တော်က သူတို့ဆီကနေ သင်္ဘောကိုယ်ထည် Conctruction ဒီဇိုင်း ကိုပဲဝယ်တာ။ Interior ဒီဇိုင်းတွေက ဒီဇိုင်းဖိုးကြီးကိုပဲ ဒေါ်လာသိန်းနဲ့ချီပေးရတယ်။ Interior ဒီဇိုင်းကိုတော့ ကိုယ့်သင်္ဘောဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ အေးအေးဆေးဆေး စိတ်ကြိုက်ဆောက်မယ်ဆိုပြီး Interior ဒီဇိုင်းမဝယ်တော့ဘူး။ ဒီကိုယ်ထည်ဒီဇိုင်းကလည်း သြစတေးလျကမ်းခြေတွေမှာ သွားနေတဲ့ဒီဇိုင်းတွေ။ Safe ဖြစ်တယ်။ Stability ကောင်းတယ်။ ဒါပေမဲ့ သူ့ပုံစံကြီးကတော့နည်းနည်းရိုးတယ်။ မလှဘူး။ လွန်ခဲ့တဲ့ နှစ်၂ဝ၊ နှစ်၃ဝ လောက်ကပုံပေါ့။ အောက်ပိုင်းကို တောင့်အောင်ကောင်းအောင် လုပ်ပေးထားတယ်။ ကျွန်တော်က ကက်တလောက်တွေကြည့်ပြီးတော့ Drawing တော်တဲ့ ကျွန်တော့်ရဲ့ Chief Engineer တပည့်တစ်ယောက်နဲ့ အတူ ဒီပုံစံမျိုးဖြစ်လာအောင် Modify ပြန်လုပ်ပါတယ်။ Skeleton လောက်ပဲယူတယ်။ တောင့်တင်းခိုင်မာဖို့အတွက်ကိုပဲယူတယ်။ သင်္ဘောရဲ့ Shape ကိုလည်း Latest ပုံစံ ဖြစ်အောင် ကိုယ့်ဘာသာပြင်လိုက်တယ်။
ဧရာဝတီမြစ်ထဲမှာသွားနေတဲ့ Road to Mandalay မြန်မာပြည်စရောက်ကတည်းက ကျွန်တော်က သင်္ဘောပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ Main Contractor ပေါ့။ နှစ်စဉ် Docking ရော၊ နာဂစ် ဖြစ်တုန်း က ခါးကျိုးသွားတော့ ပြန်ဆောက်ဖို့ကော နိုင်ငံခြား Expect တွေနဲ့ ကျွန်တော့်ကုမ္ပဏီနဲ့ အတူတွဲပြီးပြင်ပေးခဲ့တယ်။ Road to Mandalay သင်္ဘောကြီးရဲ့ interior အခန်းတွေကို ကျွန်တော်လုပ်တယ်။ အဲဒီမှာ ပြင်သစ်ဒီဇိုင် နာနဲ့တွဲလုပ်ရတော့ Interior Decoration တွေရဲ့ လျှို့ဝှက်ချက်၊ ခေတ်မီနည်းပညာတွေနဲ့ ဘယ်လို အနုစိတ် လုပ်ရတယ်ဆိုတာကို ကျွန်တော်ရော၊ ကျွန်တော့်ဆီက အင်ဂျင်နီယာတွေရော၊ လက်သမားတွေပါ အတွေ့အကြုံ အများကြီးရလိုက်တယ်။ DORA ရဲ့ interior အပိုင်းကိုဖြည်း ဖြည်းချင်းလုပ်တယ်။ ကိုယ်ထည်ပိုင်းက သိပ်မကြာပါဘူး။ အတွင်းပိုင်းကြတော့ တခြားအလုပ်ရှိရင်လုပ်၊ အလုပ်အားတဲ့ အချိန်ပိုင်းလေးမှာ အေးဆေးစဉ်းစားပြီး အချိန်ယူလုပ်တော့ ၅ နှစ်လောက်ကြာသွားတယ်။ လက်သမား ပိုင်းဆိုရင်လည်း အပြင်လက်သမားတွေနဲ့ဆို အဆင်မပြေနိုင်ဘူး။ သင်္ဘော အတွေ့အကြုံရှိတဲ့ လက်သမားတွေမှရတာ။ DORA မှာ နေရာ အခက်အခဲရှိတော့ သင်္ဘော Interior လုပ်တဲ့ လက်သမား ၂ ယောက် ၃ ယောက်လောက်နဲ့ အဆင်ပြေအောင်အေးအေး ဆေးဆေးအချိန်ယူလုပ်ခဲ့ရတာ။ မကြိုက်ရင် အကုန်ပြန်ဖျက်၊ အသစ်ပြန်လုပ်ဆိုတော့ အကုန်အကျတော့တော်တော်များ ပါတယ်။ DORA မှာ သုံးတဲ့ပစ္စည်းတွေဆိုရင် စံချိန်စံညွှန်းမီတဲ့ ပစ္စည်းတွေကိုသုံးထာတယ်။ ကျွန်တော်ကိုယ့်ဘာသာကိုယ် စဉ်းစားပြီးစိတ်ကြိုက် စဉ်းစားတည်ဆောက်ရတာကို ဝါသနာ ကိုပါနေတာ။
သင်္ဘောကကားလို မော်ဒယ်အသစ်ထွက်တာ မမြန်တော့ သင်္ဘောကိုအေးအေးဆေးဆေးလုပ်လို့ ရတာပေါ့။ သင်္ဘောမော်ဒယ်က တော်တော်နဲ့ခေတ်နောက်မကျနိုင်ဘူး။ DORA ကိုဆောက် တုန်းက Tour လုပ်ငန်းသုံးဖို့မရည်ရွယ်ခဲ့ဘူးဗျ။ ကျွန်တော့် မိသားစုတွေနဲ့ အပန်းဖြေခရီးသွားမယ်ဆိုရင် ထသွားလို့ရအောင်လုပ်ထားတာ။ ဥပမာ ပုသိမ်သွားရင်သွားမယ်။ မြိတ်၊ ကော့သောင်းဘက်ကို သွားချင်သွားမယ်ပေါ့။ နိုင်ငံခြားမှာဆို သူဋ္ဌေးတွေက ကားကိုသိပ်မပြိုင်ကြဘူး။ Boat ကိုပဲ ပြိုင်ကျတာ။ Boat ရပ်ဖို့ နေရာတွေကို လခ ပေးပြီး ငှားရမ်းထားကြတယ်။ Crew တွေလည်းအပြည့်ထား တယ်။ တစ်လတစ်ခါသူတို့အပန်းဖြေချင်ဖြေမယ်။ ဒါမှမဟုတ် တစ်နှစ်မှာ ၃၊ ၄ ကြိမ်လောက် ခရီးထွက်ချင်ထွက်မယ်ပေါ့။ ကျွန်တော်ကတော့ သူဋ္ဌေးကြီး မဟုတ်ပါဘူး။ ဝါသနာကြောင့် လုပ်ထားတာ။ Yacht Class မှာတော့မြန်မာပြည်မှာ DORA က ပထမဆုံးပါပဲ။ ဒီ DORA ဆိုတဲ့ နာမည်ကလည်း အင်္ဂလိပ် စကားတော့မဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်း စံဇာဏီဘိုက ပေးထားတာကို ကျွန်တော့် အမျိုးသမီးကလည်း ကြိုက်တော့ ဒီနာမည်လေးကိုသုံး ဖြစ်သွားတယ်။ ဒီ DORA ရဲ့ Boat Owner ကလည်း ကျွန်တော့် အမျိုးသမီးပါပဲ။
DORA ခရီးစဉ်တွေကို တစ်ပတ် ၃ ရက်သွားဖို့ စီစဉ်ထား ပါတယ်။ မနက်ခရီးစဉ်က 3 hours Trip ပေါ့။ ခရီးစဉ်ကိုလည်းထူးထူး ခြားခြားနဲ့ သူများတွေနဲ့ မတူအောင် စဉ်းစားတော့ပန်းလှိုင်မြစ် ကိုသွားရင် ညာဘက်က ပန်းလှိုင်ဂေါက်ကွင်းရှိတယ်။ ဘယ်ဘက်မှာတော့ ရွာလေးတွေရှိပါတယ်။ ကျွန်တော် ရောက်သွားတော့ မြန်မာ့ရိုးရာကျေးလက်စတိုင်လေးတွေကိုခံစားရတယ်။ ဘုန်းကြီးကျောင်းဆိုရင်လည်း ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကျောင်းအောက်မှာ ရပ်ရွာထဲကဆရာမတွေ နဲ့ စာသင်ပေးတယ်။ ရိုးရှင်းတဲ့ ရွာလေးတွေကို နိုင်ငံခြားသားတွေ အတွက် နံနက်ပိုင်းမှာပြမယ်။ ကလေးတွေ ပညာသင်ကြား ရေး အထောက်အကူဖြစ်စေမယ့်စာအုပ်၊ ဘောပင်တွေကို အရင်းအတိုင်းဈေးနှုန်းနဲ့ သင်္ဘောပေါ်မှာ ရောင်းပေးမယ်။ နိုင်ငံခြားသားတွေကလှူချင်ရင် အဆင်ပြေအောင်လို့ပါ။ အဲလိုလေး စီစဉ်ပေးထားတယ်။ အဲဒီရွာလေးမှာ မြန်မာ့လက်မှု ပညာနဲ့ပတ်သက်တဲ့ တောင်းရက်တာတွေရှိတော့ နိုင်ငံခြားသားတွေလည်း လေ့လာနိုင်တာပေါ့။ ညနေပိုင်း 2 hours Trip ကတော့ Sun Set ပေါ့။ ဒီခရီးစဉ်ကတော့ ဗိုလ်တစ်ထောင်ကထွက်ပြီး ရန်ကုန်မြစ်အတိုင်းဆင်းလာပြီး တွံတေးဝမီးပြတိုက်ထိသွားမယ်။ ပြန်လှည့်လာရင် Sun Set ဖြစ်မှာနဲ့ အတော်လောက်ပါပဲ။ DORA လိုင်စင်ကပုသိမ်ထိ ရထားတာဆိုတော့ မအူပင်ကို တစ်ညအိပ်လောက် ခရီးစဉ်လုပ် ဖို့စဉ်းစားထားပါတယ်။ မိသားစုတစ်စုဖြစ်စေ၊ Tour Group က ၄၊ ၅၊ ၆ ယောက်အဖွဲ့ လောက်ပေါ့။ ညအိပ်ခရီးစဉ်ကတော့ လူဦးရေ အဲဒီလောက်ပဲ အဆင်ပြေနိုင်မယ်။ အိပ်ခန်းက အဲဒီလူဦးရေ ၆ယောက်လောက်အတွက်ပဲ အဆင်ပြေနိုင်မှာမို့လို့ပါ။ DORA မှာ Day Trip ခရီးစဉ်အတွက် စုစုပေါင်း ၃၉ ယောက်အထိတင် လို့ရပါတယ်။ Safety အတွက် Tour Guide နဲ့ Crew အပါ အဝင်၊ ၁ဝ ယောက် လောက်ထားပါတယ်။ ခရီးသည်တွေ ကိုတော့ အယောက် ၂ဝ လောက် ပဲတင်မယ်။ ပိုလည်း ၁ယောက် ၂ယောက်ပေါ့။ DORA သင်္ဘောပေါ်မှာ Tour Operation Manager တစ်ယောက်ထားပေးထားတယ်။ ခရီးသည်လိုအပ် မည့်ဟာတွေကို သူကအကုန်ဖြည့်ဆည်းပေးမယ်။ အင်္ဂလိပ် စကားကောင်းကောင်းတတ်တယ်။ Tour အတွေ့အကြုံများ တယ်။ နိုင်ငံခြားသားတွေကို ကောင်းကောင်းဝန်ဆောင်မှုပေး နိုင်ပါတယ်။ Assistant Operation Manager နဲ့ဆို ၂ ယောက်ပေါ့။ အဲဒီအမျိုးသမီးနှစ်ယောက်ပါမယ်။
ကျွန်တော် နောက်နှစ်တွေမှာတော့ River အတွက် နောက်တစ်စင်း ဆောက်လုပ်ဖို့ ရည်ရွယ်ထားတာရှိတယ်။ အဲဒါ ဆောက်ဖြစ်ရင် DORA ကို မြိတ် ၊ ထားဝယ်ကျွန်းတွေမှာ ဝန်ဆောင်မှုပေး မယ်လို့ စဉ်းစားထားတယ်။ DORA က အဲဒီနေရာနဲ့ ပိုလိုက် ဖက်တယ်။ Safe ဖြစ်တယ်။ DORA မှာ Generator ဆို လည်း နှစ်လုံး၊ main အင်ဂျင်ဆိုလည်းနှစ်လုံး။ အဲဒီလိုအဆင် ပြေအောင် လုပ်ထားတာ။ သင်္ဘောကြီးလိုကိုဆင်ထားတာ။ မီးတွေဆိုလည်း AC/DC နှစ်မျိုး လုံးရတယ်။ ပန့်တွေ ဆိုလည်း Special Pump အသေးလေးတွေပေါ့။ အိမ်သာဆိုလည်း Electric Toilet ကိုသုံးထားတယ်။ ကိုယ်တိုင်လည်း အင်ဂျင် နီယာဆိုတော့ DORA နဲ့ ပတ်သက်ရင် Safety First ဖြစ်အောင် သေသေချာချာလုပ်ပေးထားတယ်။ ဝါသနာအရတော့ ကုန် သင်္ဘောတွေဖြစ်စေ၊ လူစီးသင်္ဘောဖြစ်စေဆောက်နေမှာပါ။ ဝါ သနာဆိုတော့ အဆက်မပြတ်တည်ဆောက်နေရတာကို ကျေ နပ်နေတာ။

ကျော်လင်း

 

No comments:

Post a Comment