မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

ရန်ကုန်မြို့အား ပိုမိုတိုးချဲ့ရန် စီစဉ်နေပြီဟူသော သတင်းကြောင့် စည်ပင်နယ်နမိတ်ဝင် မြို့နယ်များ၌ မြေဈေးနှုန်း မြင့်တက်

ရန်ကုန်မြို့အား နိုင်ငံတကာအဆင့်မီ တိုးချဲ့ရန် စီစဉ်နေပြီဟူသော သတင်းများကြောင့် ရန်ကုန်မြို့နယ် စည်ပင်နယ်နမိတ်ဝင် မြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ် တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ်များ၌ မြေဈေးနှုန်းများ မြင့်တက်သွားခဲ့ကြောင်း အိမ်ခြံမြေ ပွဲစားများထံမှ စုံစမ်းသိရှိရသည်။ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေကွက်များတွင် “ပေ ၄၀ x ပေ ၆၀ တစ်ကွက်လျှင် ယခင်က အလွန်ဆုံး ကျပ် ၁၀ သိန်းခန့်သာ ပေးရပြီး ယခု ရန်ကုန်အား တိုးချဲ့မည်ဟု သတင်းများ ပေါ်ထွက်လာပြီးနောက် ကျပ်သိန်း ၄၀၊ ၅၀ ခန့် မြင့်တက်သွားပြီး ဝယ်ယူသူများမှလည်း ကျေနပ်စွာဖြင့် ဝယ်ယူသွားကြကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့အား ပြန်လည်ပြုပြင်မည့် အစီအစဉ် ရေးဆွဲပြီးပါက မြို့ကွက်သစ် တိုးချဲ့ရန် လိုအပ်လာခြင်း၊ လက်ရှိမြို့သစ်များကို ပိုမိုးတိုးချဲ့လာပါက မကြာမီအတွင်း မြေဈေးများ ကောင်းမွန်လာမည်ကို မျှော်မှန်း၍ ဒဂုံမြို့သစ်မြို့နယ်များရှိ မြေကွက်များအား ဈေးနှုန်းမြှင့်ပေး၍ ဝယ်ယူလာခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်လာခြင်းတို့အား တွေ့ရသည်။ အဝယ်သမားများက ရေရှည်၌ ဈေးနှုန်းမြင့်လာနိုင်သည်ဆိုသော ခန့်မှန်းမှုဖြင့် လိုက်လံဝယ်ယူမှုများ ပြုလုပ်နေသဖြင့် ယင်းမြို့သစ်များ၌ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများလည်း တစ်ပါတည်း ထွက်ပေါ်လာခဲ့သည်။ သို့သော် အိမ်ယာမြေဈေးကွက် ကျွမ်းကျင်သူအချို့က ရန်ကုန်၏ လက်ရှိကာလ မြေဈေးနှုန်းများသည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသည်ဟု သတိပေးထားပြီး အနာဂတ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လက်တွေ့၌ ဝင်ရောက်နိုင်ခြေ မရှိသေးကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment