မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

ခိုကိုးရာမဲ့သူတို့ လက်ကိုကိုင်ပြီး ခွန်အားပေးခဲ့သူ

ဝင့်သင်ဇာကျော်(မြစ်မခ)

ဒီဇင်ဘာ ၃၀၊ ရန်ကုန်မြို့။

ဒီဇင်ဘာ ၃၀ရက်နေ့ ၊ နေ့လည် ၁၂နာရီဝန်းကျင်တွင် ခဲရောင်အင်္ကျီဖျော့ဖျော့ကို ၀တ်ဆင်ပြီး နှင်းဆီပန်းအဖြူပန်ဆင်ထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်နာသည့်ကြားမှ မီးဘေးသင့်ပြည်သူများ ရှိရာ မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်ရာမကျောင်းတိုက်သို့ရောက်ရှိလာခဲ့သည်။

ခြေထောက်နာကျင်နေသည့်ကြားက ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းထိုင်ဘုန်းကြီးအား သွားရောက်ဖူးမျှော်ပြီးနောက် မီးဘေးသင့်ပြည်သူ ၁၅၀ ကျော်ခန့် ထားရှိသော ဓမ္မာရုံကိုသွားရောက်ခဲ့သည်။

“အမေစု နေကောင်းပါစေဗျ” ဟူသော မီးဘေးသင့်ဒေသခံတစ်ဦးရဲ့ ဆုတောင်းစကားကြောင့် ဒေါ်အောင်ဆန်း စုကြည်မှလည်း “ သြော် မဟုတ်တာ ကျွန်မက ဆုတောင်းပေးရမှာ၊ အားလုံးနေကောင်းအောင် နေနော်၊ ကျွန်မတတ်နိုင်သမျှ ကူညီပေးမယ်၊ ဘာတွေလိုအပ်သလဲ”ဟု ဒုက္ခသည်များ၏ လိုအပ်ချက်များကို ပြန်လည် မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်နာနေလျက်နှင့် နာမကျန်းဖြစ်နေသော မီးဘေးသင့်ဒေသခံများကို ကျန်းမာရေးကို ဂရုစိုက်ရန်အတွက် နာမကျန်းဖြစ်သူ၏ လက်ကို ကိုင်ကာ ခွန်အားပေးခဲ့သည်။

ဆယ်နှစ်နာရီ ၁၅မိနစ်အချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဒေသခံများကို အားပေးစကားပြောရင်း “ ဒေါက်တာမျိုးအောင် ကူညီပေးလိုက်ပါ ၊ သူတို့က အခု အစားအသောက်က သိပ်မပူရဘူး အ၀တ်အစားဘဲလိုတယ် ကြားတယ်” လို့ အန်အယ်လ်ဒီအဖွဲ့ချုပ်မှ အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်သို့ မှာကြားခဲ့ကြောင်း ကြားသိရသည်။

“ အမေတို့ နောက်နှစ်ရက်လောက်နေရင် ထပ်လာခဲ့ပါမယ်၊ လိုအပ်တာတွေကိုလည်း ပြောနော် “ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မီးဘေးသင့်ပြည်ခိုလှုံရာ စခန်းမှ မပြန်မီ အသက်(၅)နှစ်အရွယ် ကလေးငယ်များအား သကြားလုံးဝေငှခဲ့သည်။

အသက်အရွယ်စုံမီးလေးသင့် ပြည်သူများမှာ သူတို့ချစ်သော ဒီမိုကရေစီ ခေါင်းဆောင်နှင့် အနုပညာရှင်များ လာရောက် အားပေးလှူဒါန်းကြ သည်ကို ၀မ်းသာပီတိဖြစ်လျက် ဒုက္ခရောက်နေခြင်းကိုပင် ခတ္တခဏ မေ့သွားစေခဲ့သည်။

ဘုန်းကြီးကျောင်းတိုက်အပြင်ဘက်တွင် မီးဘေးသင့်ပြည်သူများအတွက် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းသူများ တဖွဲဖွဲရောက်လာလျက်ရှိသည်။

ပုသိမ်ညွှန့်ရာကျော် ကျောင်းတိုက်ဝင်း အတွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်သော နာမကျန်းကူညီမှုအဖွဲ့ဆေးခန်း ၊ စစ်တပ်မှ ဖွင့်လှစ်ထားသော ဆေးခန်း၊ ကြံ့ခိုင်ဖွံ့ ဖြိုးရေးအသင်းမှ ဖွင့်လှစ်ထားသော ဆေးခန်းနဲ့ အခြားလူမှုရေးအဖွဲ့အစည်းများကလည်း လာရောက်ပြီး ဆေးကုသပေးမှုများ ပြုလုပ်ပေးလျက်ရှိသည်ကို မြင်တွေ့နေရသည်။

No comments:

Post a Comment