မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

မြန်မာ သနပ်ခါး


မြန်မာနဲ့ သနပ်ခါး ခွဲခြားမရနိုင်ပါ။ ကလေးဘဝမှသည် သက်ကြီးရွယ်အိုဘဝအထိ မြန်မာ (ဗမာလူမျိုး) အမျိုး သမီးများ နှစ်သက်မြတ်နိုးစွာ လိမ်းချယ်လေ့ရှိပါတယ်။
ကလေးဘဝမှာ သနပ်ခါးကိုသွေးပြီး ဆေးဖက်ဝင် တာကြောင့် ကျွေးလေ့ရှိပါတယ်။ အထက်အညာဒေသ နေရောင်ခြည်ပေါများတဲ့အရပ်မှာ အမျိုးသမီးကြီးငယ်မရွေး သနပ် ခါးထူထူလိမ်းပြီး အပြင်ထွက်ကြပါတယ်။ နေ ရောင်ခြည်ထဲမှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အကာအကွယ်မရှိရင် ထိတွေ့ ပါများရင် အရေပြား ကင်ဆာ ဖြစ် စေပါတယ်။ သနပ်ခါး ထူထူ လိမ်းချယ်ခြင်းဖြင့် ကာကွယ်စေနိုင်ပါတယ်။
သနပ်ခါးလို့ ဆိုလိုက်တာနဲ့ အဆိုတော်(ဦး) ကိုအံ့ ကြီး သီဆိုခဲ့တဲ့ ရွှေဘိုမြို့က သနပ်ခါးကို ဖျတ်ခ နဲပြေး မြင်မိမှာ ပါ။ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်က ရှင်မတောင်သနပ်ခါးဟာ လည်း နာမည် ကျော်ကြား လှ ပါ တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၇ဝ လောက်က မုံရွာ၊ ရွှေဘို၊ ပခုက္ကူ၊ ရေစကြိုမြို့နယ်တွေမှာ သနပ်ခါးပင်တွေဟာ တော၊ တောင်၊ ကျောက်ကြိုကျောက်ကြားမှာ အလေ့အကျ သဘာဝ အတိုင်းပေါက်ရောက်ခဲ့ပါတယ်။
နွားကျောင်း၊ ဆိတ်၊သိုးကျောင်းတဲ့ မိန်းကလေးတွေ ဟာ စမ်းချောင်းထဲမှာ ရေချိုးပြီး သနပ်ခါး ကိုင်းတွေ ချိုးကာ ကျောက်ဖျာပေါ်မှာ သွေးလိမ်းကြလောက်အောင်ကို ပေါများစွာ ပေါက် ရောက်ခဲ့ဖူး ပါတယ်။ ဒေသခံများက သနပ်ခါးပင်တွေကို ခုတ်ယူရောင်းချကြတာ ၊ အမြစ်ဆုံပိုင်းပါမကျန် တူး ယူခုတ် လှဲ ကြ ၊ စည်းကမ်းမဲ့မှုတွေကြောင့် ယနေ့ချိန်မှာ သဘာဝ သနပ် ခါးပင်တွေဟာ ရှားပါး ပျောက် ကွယ် ကုန် ပါပြီ။ ဒုတိယကမ္ဘာစစ် မတိုင်မီ အရေး ပိုင်မင်းဦးစိန်တင်(စာရေးဆရာကြီး သိပ္ပံ မောင်ဝ) ဟာ ဂါးတာ ရွာမှာ မကွယ်လွန်မီ က သနပ်ခါးပင်များနဲ့ ပတ် သက်ပြီး ဆောင်းပါးရေးခဲ့ဖူးပါတယ်။ အမျိုးသမီး များ ပါဝင် တဲ့ သနပ်ခါး တောများ ထိန်း သိမ်း စောင့် ရှောက် ရေး ကော်မတီဖွဲ့သင့်ကြောင်း ကြိုတင် သတိ ပေး ရေး သား ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရွှေစက်တော်ဘုရား ပွဲတော်မှာ သနပ်ခါးသည်တွေ ရောင်းချနေတဲ့ သနပ်ခါး တုံးတွေ ထဲမှာ အချင်း(၃၊၄) ပေလောက်ရှိပြီး စဉ်းတီတုံးလောက်ကြီးတဲ့ သနပ်ခါးတုံးတွေ တွေ့ခဲ့ဖူး ပါသေးတယ် ။ အဘိုး အဘွားတွေ စိုက်ခဲ့တာ ငွေလိုလို့ ခုတ်ရောင်းတာတဲ့။ နောက်နှစ်တွေမှာ ဘုရားပွဲ သွားတော့ မတွေ့ရ တော့ပါဘူး၊ အပင်ကြီးတွေ ကုန်ပြီ တဲ့။
အထက်အညာကို ဘုရားဖူးသွားရင် သနပ်ခါးသည် တွေကို များများတွေ့နိုင်တာက ရွှေစက်တော်ဘုရားပွဲ၊ မကွေး ဘုရားပွဲ၊ ရွှေဘိုမြို့ထောင့်စေတီ၊ ရွှေချက်သိုဘုရား၊ မုံရွာ ဂူနီဘုရား၊ မန္တလေးမဟာမုနိဘုရား၊ ပခုက္ကူ သီဟိုဠ်ရှင်ဘုရား၊ ပခန်းကွမ်းရာရွှေတန်းတစ်ဘုရား၊ ပုဂံဗူးဘုရား၊ ပုဂံ ရွှေစည်းခုံ၊ အာနန္ဒာဘုရားနဲ့ ဘုရား ပွဲတော်တွေမှာ တွေ့နိုင်ပါတယ်။ ပဲခူးမြို့ က ရွှေမော်ဓောဘုရားပွဲတော်မှာ လွန်ခဲ့တဲ့နှစ် ၃ဝ ကျော်က လော်လီ ကား အစီးတစ်ရာလောက် ရောင်းခဲ့ရဘူး တယ်လို့ ရှေး ဆယ့်နှစ်ပွဲဈေးသည် သနပ်ခါးရောင်းတဲ့ အမယ်အို တစ် ယောက် က ပြောပြခဲ့ဖူးပါတယ်။
သနပ်ခါးလိမ်းခြယ်ခြင်းအားဖြင့် ပူပြင်းတဲ့ရာသီဥတု မှာ အေးမြတဲ့ခံစားမှု ဖြစ်စေပြီး၊ အေးမြတဲ့ ရာသီဥ တု မှာ သနပ်ခါး လိမ်းထားရင် နွေးထွေးတဲ့ခံစားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
မုံရွာ၊ ပခုက္ကူ၊ ကနီ၊ မင်းကင်း၊ ယင်းမာပင်ဖက်က သွားရတဲ့ အလောင်းတော်ကဿပဘုရားဖူးသွားရင် ပုလဲမြို့ နယ်၊ ယင်းမာပင်မြို့နယ်တွေမှာ သနပ်ခါးခြံတွေကို တွေ့နိုင်ပါ တယ်။ ဘုရားဖူးတွေက တစ်ပင်ချင်း ဝယ်ချင် ပေမယ့် ခြံပြတ် အကုန်လုံး ရောင်းတာတဲ့။ အခုတော့ စီးပွားရေး အမြင်ကျယ် တဲ့သူတွေက သနပ်ခါးပင်ကို ဧကနဲ့ ချီပြီး စီးပွားဖြစ် စိုက်ပျိုးနေ ကြပြီဖြစ်ပါ တယ်။
ရနံ့သင်းပျံ့တဲ့သနပ်ခါးဟာအထက်အညာဒေသပူပြင်းခြောက်သွေ့ပြီးကျောက်တောင်တွေကြားမှာ ပေါက် တာ ကပိုပြီးရနံ့မွှေးကြိုင်ပါတယ်။မြေလတ်ဒေသပြည်မြို့နယ် အတွင်းမှာလည်း ပေါက်ရောက်ပါတယ်။ မိုးများ တဲ့ အောက်ပိုင်း ဒေသတွေမှာ အနည်းအကျဉ်းသာစိုက်ပျိုးကြပေမယ့်၊အညာ ဒေသကထွက်တဲ့ သနပ်ခါး လောက် ရနံ့ သင်းပျံ့ခြင်း မရှိပါဘူး။ ရာသီဥတုအေးတဲ့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်ဖက်တွေမှာစိုက်ပျိုး လို့မရ နိုင်ပါ ဘူး။
သနပ်ခါးဟာ ရုက္ခဗေဒအရ (ရူတေးစီးနီးယား မျိုး နွယ်ဖြစ်ပါတယ်။ သံပုရာပင်၊ ရှောက်ပင်၊ လိမ္မော်ပင်တို့နဲ့ မျိုးရိုး တူပါတယ်။ သက်တမ်းရင့်တဲ့ သနပ်ခါးပင်ရဲ့ အခေါက်ဟာ မန်ကျည်းပင်ရဲ့အခေါက်လို မာကျောပြီး ကွဲအက် နေပါတယ်၊ အခေါက်ဟာ မန်ကျည်းပွေးလို ရှိနေပါတယ်။
ရှေးတုန်းကတော့ခရီးသွား၊ဘုရားဖူးသွားတဲ့အခါ ရယ်ဒီမိတ်တွေမရှိသေးတော့ ၊ ကျောက်ပျဉ်မှာ သနပ်ခါး သွေးပြီး (ပလတ်စတစ်ဗူးတွေလည်း မပေါ်သေးတော့) ဖန်ပုလင်းထဲမှာ ငွေဒင်္ဂါးပိုက်ဆံပြား၊ ဒါမှမဟုတ် သံပုရာ ရည်ညှစ်ထည့်ပြီး မပုတ် မသိုးအောင် ယူဆောင်သွားရတယ်လို့ ရှေးလူကြီးသူမများက ပြောဖူးပါတယ်။ သနပ်ခါးကို သွေးလိုက်တော့ သစ်အမှုန်တွေနဲ့ ရေနဲ့ရောနေတာမို့ ကြာရင်သစ်သားပုတ်စော်နံတယ်လေ။
အခုတော့ ရယ်ဒီမိတ်သနပ်ခါးတွေ ရှိတာကြောင့် အလွယ်တကူ သယ်ယူလို့ရနေပြီပေါ့။ သနပ်ခါး ခဲအစစ် ဟာ ဘာမှရောနှောထားခြင်းမရှိတာကြောင့်ပေါ့တယ်၊ မီးရှို့ရင် မီး လောင်နိုင်တယ်၊ ရေပေါ်မှာ ပေါလော ပေါ်တယ်။ ရယ်ဒီမိတ် သနပ်ခါးခဲတွေက လူကိုဘေးအန္တရာယ်မဖြစ်တဲ့ ရွံ့တွေနဲ့ရောပြီး ခဲထားတာမို့ မီးရှို့ရင် မီးမ လောင်ဘူး၊ သနပ်ခါးခဲအစစ်ထက်ပိုပြီး လေးတယ်၊ ရေထဲထည့်ရင် မြုပ်သွားတယ်။ ရယ်ဒီမိတ်သနပ်ခါး လိမ်းပေမယ့် (ISO) လက်မှတ်ရထားတာကြောင့် ဘေး အန္တရာယ်မရှိနိုင်ပါဘူး။ တောင်အာဖရိက နိုင်ငံတွေနဲ့ အခြား နိုင်ငံတွေမှာ တစ်ကိုယ်လုံးရွံ့တွေလိမ်းပြီး နေပူစာလှုံတယ်။ ခေတ်မီ အလှပြင်ဆိုင်တွေမှာ မျက်နှာလှအောင် ပေါင်း တင် တဲ့အခါ ဂျပန်နိုင်ငံထုတ်ဖြစ်တဲ့ ဈေးကြီးတဲ့ရွံ့တွေကို မျက်နှာ လိမ်းသေးတယ်။
ဂန္ထဝင်ခရီးစဉ်(Classic Tour) တစ်ခုဖြစ်တဲ့ပုဂံကို နိုင်ငံခြားခရီးသည်တွေလာတဲ့အခါ၊ အမျိုးသမီး ဧည့်သည် တွေရဲ့ ပါးမှာသနပ်ခါးလိမ်းပြီး၊ မြန်မာထမီ၊ အင်္ကျီနဲ့ တွေ့နိုင် တယ်။ မဟာဗောဓိဘုရားမှာ သနပ်ခါး သည်တွေက ကျောက် ပျဉ်ထက်မှာ ရေသန့်နဲ့ သနပ်ခါးသွေးပြီး အမှတ်တရမျက်နှာပြင် ကို လိမ်းချယ် ပေးတာကို သဘော ကျနှစ်သက်စွာလိမ်းကြတာ မြင်ဖူးပါတယ်။ ပျော်ရွှင်စွာနဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေလည်း ရိုက်ကြ သေးတယ်လေ။
မြန်မာနိုင်ငံမှာ သနပ်ခါးရောင်းဝယ်ရေးမှာ နာမည် ကျော် လူသိများတာက မန္တလေးမြို့မှာ ဒေါ်သီ သနပ် ခါးပေါ့။မကွေးတိုင်းက ပခုက္ကူ ၊ ပုဂံဗူးဘုရားက ဒေါ်လှကြည်၊ စစ်ကိုင်း တိုင်း ရွှေဘိုမြို့နယ်က သနပ်ခါး တုံး ဆိုင် တွေကလည်းကျော်ကြားပါတယ်။ ရယ်ဒီမိတ်စက်နဲ့သွေးပြီးအခဲ၊ မိတ်ကပ်ထုတ်သူ တွေကတော့ ရွှေဘို မင်း သမီး၊ နတ်မိမယ် နဲ့ရွှေပြည်နန်းသနပ်ခါး တို့ပါပဲ။ ရွှေပြည်နန်းသနပ်ခါးကုမ္ပဏီက ထိုင်းနိုင်ငံမှာလည်း သနပ်ခါး ဆိုင် ဖွင့် ထားတယ်။ သနပ်ခါးခဲတွေကို ကံစမ်းမဲ ထည့်ပြီး စူပါဆလွန်းကားနဲ့ ဗုဒ္ဓဂယာဘုရားဖူး ပို့ပေးတာ မျိုးလည်း လုပ် ပါတယ်။ ပုဂံ-ညောင်ဦးမြို့လယ်မှာ သနပ် ခါးပင်တွေကို သရုပ်ပြစိုက်ပျိုးထားပြီး သနပ်ခါးပြတိုက်ကြီး လည်း တည် ဆောက်ထားပါတယ် ။ မြန်မာနိုင်ငံအရပ်ရပ်က သနပ်ခါးထွက်ရှိရာ ဒေသအလိုက် သနပ်ခါးအမျိုးမျိုး၊ သနပ်ခါး ဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ မဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား နမူနာများ၊ လုံးပတ် ၂ ပေခန့် သနပ်ခါး ပင်ကြီး၊ရှေးခေတ်သုံးကျောက်ပျဉ်၊ နန်းတွင်းသုံးကျောက်ပျဉ်၊ ရတနာပစ္စည်းများဖွက်နိုင်သော ကျောက်ပျဉ်၊ ယနေ့ ခေတ်သုံး ကျောက်ပျဉ်စသဖြင့် အမျိုးစုံအောင် စာအညွန်းများဖြင့် ပြသ ထားပါတယ်။ မြင်းခြံမြို့သွား ကားလမ်း နဘေး၊ လေဆိပ်အနီး မှာလည်း ဧက ၁၅ဝ ပေါ်မှာ မျိုးကောင်း သနပ်ခါးပင်ပေါင်း ၄၂ဝဝဝ ကို စနစ်တကျ စိုက်ပျိုး ထားပါတယ်။စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊အရာတော်မြို့နယ်ကဦးစိန်မင်းက ၁၉၈၈ ခုနစ်မှာ မူလ သနပ်ခါးမျိုး ထဲကနေ ထူးထူးကဲကဲ၊ သက်တန်းငယ်ငယ်နဲ့ အပင်ကြီးထွားအရွယ်ရောက်မှုမြန်တဲ့ သနပ်ခါးပင် ၇ ပင်က နေ မျိုးပွား ယူပြီး စိုက်ပျိုးခဲ့ရာက ဒေသတစ်ခုလုံးအဲဒီမျိုးတွေ ပျံ့နှံ့သွားခဲ့ပါတော့တယ်။ အခု ၂ဝ၁၁ ခုနစ် အတွင်းမှာသနပ် ခါးသီး(အပင်စိုက်ရန်)တစ်ပြည်ကို ကျပ်ငွေ ၂သိန်းဈေး ပေါက် ပါတယ်။ ပျိုးပင်တစ်ပင်ကို ကျပ် ၃ဝဝ ဈေးနဲ့ မျိုးကူး ရောင်းချ နေပါတယ်။ သနပ်ခါးသီး တစ်ပြည်စိုက်ကို အပင်ရေ (၅ဝဝဝ၊ ၆ဝဝဝ)ခန့် ဖြစ်ထွန်းနိုင်ပါတယ်။ ပူပြင်း ခြောက်သွေ့တဲ့ ရာသီ ဥတုရှိပြီး မြေနီအမျိုးအစားမှာ ဖြစ်ထွန်း နိုင်ပါတယ်။
သနပ်ခါးဆိုတာ အသားအရေကို နုးနပ်ပြီး ခါးသက် သောအရသာရှိတာကြောင့် သားနပ်ခါး(သနပ်ခါး)လို့ ခေါ် ဆိုနိုင်သလို အမျိုးသမီးများရဲ့ သနတဲ့ သွေးညစ်များကို သန့်စင် စေတာကြောင့် (သနခါ)ကနေ သနပ်ခါးလို့လဲ ခေါ်ပါတယ်။ သနပ်ခါးကို မြန်မာ(ဗမာလူမျိုး)အမျိုးသမီး တွေသာမကဘဲ အိန္ဒိယတိုင်းရင်းသူ အမျိုးသမီးများလည်း နှစ်သက်စွာ ခြေဆုံးခေါင်းဆုံး လိမ်းချယ်လေ့ရှိပါတယ်။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ကနေ နယ်စပ် မယ်ဆိုင်မြို့ကို တင်ပို့ရောင်းချပေးပြီး ထိုင်းအမျိုးသမီးများကလည်း အသား အရေနူးညံ့လှပအောင် ဆေးဖက်ဝင်တာမို့ လိမ်း ချယ်တတ် ကြပါသေးတယ်။ တစ်ခေတ်တစ်ခါက (MEIC)လို့ ခေါ်တဲ့ မြန်မာ့ထွက်ကုန်သွင်းကုန် ကော်ပိုရေး ရှင်း ကနေ ဥရောပ နိုင်ငံ ကို သနပ်ခါးတုံးတွေ တစ်ကြိမ်တင်ပို့ဖူးပါတယ်။ ဂျပန်နိုင်ငံရဲ့ ထင်ရှား တဲ့အလှကုန် ရှီရှဲဒိုး မိတ်ကပ်ထဲမှာ မြန်မာ့သနပ်ခါး ထည့်သွင်းဖော်စပ်ထားတာလည်း အံ့သြဂုဏ်ယူစရာပါပဲ။ တရုတ် (တိုင်ဝမ်)က ထုတ်လုပ်တဲ့ ပိုလာမိတ်ကပ် ထဲမှာလည်း သနပ်ခါးထည့်သွင်း ဖော်စပ်ထားပါသေးတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပတဲ့ အသားအရေနဲ့ အလှပြုပြင်ရေး အလှကုန်ပြပွဲမှာ မြန်မာနိုင်ငံက စာရေးဆရာ အယ်ဒီတာချုပ်တွေဖြစ်တဲ့ ဒေါ်တူးတူးမြင့်သိန်းနဲ့ ဒေါ်နန်းအိအိ ဇာတို့ကို ဖိတ်ကြားစဉ်က အလှဗေဒ ဆိုင်ရာ ကျွမ်းကျင်သူက ကမ္ဘာမှာ အသားအရေလှတာ မြန်မာအမျိုးသမီးနဲ့ ဗီယက်နမ် အမျိုးသမီးတွေပဲလို့ ထုတ် ဖော်ချီးကျူးပြောခဲ့ဖူးပါတယ်။
သနပ်ခါးပင်ဟာ အစေ့ကစိုက်ပျိုးပြီး အပင်က သက် တမ်း ၁ဝ နှစ်လောက်ကြာမှ ရောင်းတန်းဝင်ပါတယ်။ လုံးပတ် ၁ဝ လက်မလောက်သာ ရှိပါတယ်။ နှစ်ရှည်အပင်ကြီးမျိုးဖြစ် တာကြောင့် အမြင့်ပေ ၁၆ဝ နှစ် သက်တမ်း ၁၅ဝ လောက် အသက်ရှည်ပြီး ၊ လူကြီးလက်နှစ်ဖက် ဖက်ထားလောက်အောင် ကြီးမားတဲ့အပင်ကြီးဟာ မကွေး တိုင်း၊မြိုင်မြို့နယ်က ဘုန်းတော် ကြီးကျောင်းထဲမှာ ရှိခဲ့ဖူးပါတယ်။ အခုတော့ အဲဒီအပင်ကြီးဟာ သက်တမ်း ရင့်ပြီး သေသွားခဲ့ပါပြီ။ သနပ်ခါးပင်ဟာ အသက်ရှင် စဉ်မှာသာမွှေးကြိုင်ရနံ့သင်းပျံ့ ပြီး သူ့ဘာသာ သေ ပြီး အပင်ခြောက် သွားရင် ရနံ့မွှေးကြိုင်ခြင်းမရှိတော့တာကလည်း ထူးခြား ဖြစ်စဉ်တစ်ခုပါပဲ။ သက်တော်ကြီးရင့်တဲ့ ဆရာ တော်ကြီး များ ပျံလွန်တော်မူတဲ့အခါ သနပ်ခါးတုံးများနဲ့ ပူဇော်သင်္ဂြိုလ်တာ လည်း လုပ်ကြ ပါ သေးတယ်။
အညာဒေသ သနပ်ခါးဖြစ်ထွန်းနိုင်တဲ့ အရပ်ဒေသ တွေမှာ နှစ်ရှည်ပင်မျိုးဖြစ်ပြီး စီးပွားရေး တွက်ချေ ကိုက် တဲ့ သနပ်ခါးပင်များကို ကိုယ့်ခြံဝင်းထဲမှာပဲဖြစ်ဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး ပြည်ပပို့ ကုန်သစ် အ ဖြစ် ရောင်း ချနိုင်ပါတယ်။၃ နှစ်သက်တမ်းနဲ့ ရောင်းတန်းဝင် သစ်ပင်ကြီးမျိုးတွေ ရနိုင်နေပါ ပြီ။ ရန်ကုန်၊ မန္တလေး၊ ပုဂံမြို့ ကဟိုတယ်ကြီးများမှာနိုင်ငံခြားဧည့်သည်များလေ့လာဖို့ ၊ ဧည့်ခန်းမနားနေဆောင်မှာ သနပ်ခါး၊ ကျောက်ပျဉ်၊ ရေ သန့်နဲ့ ကြည့်မှန်ထားပေးပြီး လက်တွေ့အသုံး ပြုနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ သနပ်ခါး အကြောင်းရေးသား ထား တဲ့ စာရွက်တွေလည်း ထားပေးတာကို တွေ့ရပါတယ်။
(ဒီဆောင်းပါးအတွက် ခရီးစဉ်ကူညီပံ့ပိုးတဲ့ Air Mandalay လေကြောင်း၊ Amazing Hotel Group နဲ့ ရွှေပြည်နန်းသနပ်ခါး ကုမ္ပဏီတို့အား ကျေးဇူးအထူးတင်ရှိပါတယ်။)

အောင်ကျည်စိုးမြင့် (ANA)

No comments:

Post a Comment