မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

နိုင်ငံတကာလေဆိပ်ပေါင်း (၃၈)ခုမှာ (၈)နှစ်ကြာ လိမ်လည်ငွေတောင်းယူနေပြီး အဖမ်းမခံရသေးသော ဗြိတိန်နိုင်ငံသား အန်ဒရူးဂရာဒွန်

နိုင်ငံတကာလေဆိပ်ပေါင်း (၃၈)ခုမှာ (၈)နှစ်ကြာ လိမ်လည်ငွေတောင်းယူနေပြီး အဖမ်းမခံရသေးသော ဗြိတိန်နိုင်ငံသား အန်ဒရူးဂရာဒွန်

ဗြိတိန်နိုင်ငံသား အန်ဒရူး ဂရာဒွန်ဆိုသူ လူလိမ်တစ်ဦးမှာ နိုင်ငံတစ်ကာလေဆိပ်ပေါင်း (၃၈)ခုတွင် လှည့်ပတ်ကာ လိမ်လည်ပြောကြား ငွေတောင်းယူမှုများ ပြုလုပ်နေခဲ့သည်မှာ ရှစ်နှစ်ကြာမြင့်ပြီဖြစ်ပြီး ယခုအချိန်ထိ တိမ်းရှောင်နေနိုင်ဆဲဖြစ်ကြောင်း အံ့သြဖွယ်ရာ သိရှိရသည်။

အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး စီးပွားရေးလုပ်ငန်းရှင် လူရည်လူမွန်တစ်ဦးပုံစံဖြင့် မစ္စတာဂရာဒွန်မှာ လေဆိပ်များတွင် လေယဉ်မမီလိုက်သောကြောင့် လေယဉ်လက်မှတ် ပြန်လုပ်ရန် ငွေမကျန်ရှိတော့သဖြင့် အိမ်ပြန်ဖို့ အခက်အခဲကြုံနေရသည့် အရေးတကြီးပုံစံဖြင့် ပြောကြားရှင်းပြကာ နောက်ဆုံး၌ အကူအညီတောင်းတတ်ပြီး ပြောဆိုခံရသူများမှာလည်း သူ၏ပုံစံ ပြောဟန်ဆိုဟန်နှင့် သူပေးသော အီးမေးလ်လိပ်စာ ဖုန်းနံပါတ်တို့ကို လက်ခံယုံကြည်ကာ ယူရို(၃၀)မှ (၅၀)အတွင်း ကျေကျေနပ်နပ် ကူညီခဲ့ကြသည်ချည်း ဖြစ်သည်။ အကူအညီပေးသူ အလိမ်ခံရသူများက ဂရာဒွန်အတွက် ဆုမွန်ကောင်းများပင် တောင်းပေးသွားကြသည်။

အမှန်စင်စစ်အားဖြင့် အသက်(၃၇)နှစ်အရွယ် အဆိုပါဂရာဒွန်ဆိုသူမှာ လူလိမ်တစ်ဦးသာဖြစ်ပြီး အိမ်ပြန်ဖို့လည်း အခက်အခဲကြီးကြုံနေရသူ မဟုတ်ကြောင်း အလိမ်ခံရသူ ခရီးသည်တို့မှာ မရိပ်မိ မသိရှိကြပေ။ အန်ဒရူးဂရာဒွန်ဆိုသည်မှာလည်း သူ့အမည်မှန် ဟုတ်ဟန်မတူချေ။

ဤကဲ့သို့ ဇာတ်လမ်းတစ်မျိုးတည်းပြောကြား ငွေတောင်းယူခြင်းမျိုးကို ဤပုဂ္ဂိုလ် ပြုလုပ်လာသည်မှာ (၈)နှစ်ကြာခဲ့ပြီဖြစ်ပြီး နိုင်ငံပေါင်း(၃၈)ခုတွင် လှည့်ပတ်လိမ်လည်ခဲ့ခြင်းဖြစ်ရာ အလိမ်ခံရသူပေါင်းလည်း မနည်းတော့ပေ။ ထိုသို့လိမ်လည်ခြင်းဖြင့် ဂရာဒွန်ဆိုသော လူလိမ်မှာ တစ်လလျှင် ပေါင်(၁၅၀၀၀)ခန့် ၀င်ငွေရရှိနေခဲ့သည်။

ဥရောပတစ်လွှား အင်တာပိုပုလိပ်များက တစ်နံတစ်လျား စုံစမ်းမှုများ ပြုလုပ်ကြသော်လည်း ဆယ်စုနှစ်တစ်ခုစာမျှ ကြာမြင့်ခဲ့သည့် ယခုအချိန်ထိ သိရှိဖမ်းမိခြင်း မရှိသေးသည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ ရဲများမှာ ပုံဖမ်းခန့်မှန်းကာ ရေးဆွဲထားသည့် ပန်းချီဆရာ၏ လက်ရာဖြင့် လိုက်နေခဲ့ရပြီး မည်သူတစ်ဦးမျှလည်း ဂရာဒွန်ကို ဓါတ်ပုံရိုက်ယူခဲ့ခြင်းမျိုး ယခင်က မရှိခဲ့ကြပေ။

သို့သော် လွန်ခဲ့သောနှစ်ပတ်က တော်မီဖော့ဆဲလ်ဆိုသူ ဆွီဒင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အလိမ်ခံခဲ့ရရာတွင် ဓါတ်ပုံရိုက်ယူ ထားမိလိုက်သဖြင့် ရဲဋ္ဌာနများအတွက် လူလိမ်အား ဖမ်းမိရန် အလားအလာ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။



စတော့ဟုမ်းမှ ဂရပ်ဖစ်ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိဖြစ်သူ ဖော့ဆဲလ်(၅၇နှစ်)က "ဖရန့်ဖွတ်လေဆိပ်မှာပါ။ သူရောက်လာပြီးတော့ လေယဉ်နောက်ကျ လွဲခဲ့ရပြီဖြစ်လို့ လက်မှတ်ဘွတ်ကင်ပြန်လုပ်ဖို့ (၃၄)ယူရိုလိုနေတယ်လို့ ကျွန်တော့်ဆီမှာ အကူအညီ တောင်းလာပါတယ်။ ဘဏ်ကလည်း ပိတ်နေလို့ သူ့မိန်းမစောင့်နေတဲ့ နယူးကာဆယ်ကို သူပြန်ရမှာ အခက်အခဲရှိနေတဲ့အကြောင်း ပြောပြပါတယ်။ ချေးတဲ့ငွေကိုလည်း ပြန်ပို့ပေးမယ့်အကြောင်း ပြောပြီး ကျွန်တော့်ဆီက လိပ်စာတွေတောင်းပါတယ်။ နယူးကာဆယ်မှာ ကျွန်တော်တို့ကုမ္ပဏီနဲ့ လုပ်နေတဲ့သူတွေ ရှိနေတော့ ကျွန်တော်ကလည်း လိုလိုချင်ချင်နဲ့ ကူညီခဲ့ပါတယ်။ ယူရို(၄၀) ပေးလိုက်ပြီးတော့ လိုလိုမယ်မယ်လို့ ကျွန်တော်က သူ့ပါ့စ်ပို့တ်မိတ္တူကို တောင်းထားလိုက်ပါတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်ပြီးတော့ အိမ်ကို ချောချောမောမော ပြန်ရောက်ပါစေလို့တောင် ဆုတောင်းပေးခဲ့ပါတယ်"ဟု ပြောပြသွားခဲ့သည်။

ဖော့ဆဲလ်မှာ အိမ်ပြန်ရောက်ပြီး အင်တာနက်မှ ဂရာဒွန်ဆိုသော အမည်နှင့်လိပ်စာကို ရှာဖွေကြည့်မိရာတွင် အလိမ်ခံရကြောင်း သိရှိလိုက်ရသည်။ သို့သော် ဓါတ်ပုံမှာမူ လိမ်လည်ခဲ့သူနှင့် အတော်ဆင်တူကြောင်း မစ္စတာဖော့ဆဲလ်က ဆက်လက်ပြောကြားခဲ့ပြီး အခြားလူများ အလိမ်မခံရအောင်နှင့် ဖမ်းဆီးနိုင်အောင် ဓါတ်ပုံနှင့်တကွ သတင်းပေးခဲ့ခြင်း ဖြစ်သည်။

ဖရန့်ဖွတ်၊ ဟမ်းဘတ်၊ ပရပ်ဂ်၊ ကိုလုံး၊ ဟန်နိုဗာ၊ ဘရီမင်၊ လိုင်ယွန်၊ စစ္စလီနှင့် ဘာစီလိုနာ လေဆိပ်တို့တွင် ပြီးခဲ့သောနှစ်က အလားတူလိမ်လည်မှုများ ဂရာဒွန် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ခရီးဆောင်အိတ်ဖြင့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး အမျိုးသားကြီးများကို ဂရာဒွန်က ပစ်မှတ်ထား လိမ်လည်ခြင်းဖြစ်သည်။

နိုက်စ်လေဆိပ်တွင် အလိမ်ခံခဲ့ရသူ ရောဘတ်ဝီလျှံဆိုသူကလည်း ဒေးလီးမေးလ်သတင်းသို့ အလားတူဇာတ်လမ်းကို ပြောပြသွားခဲ့သည်။ အီးမေးလ်နှင့် ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်ခဲ့ရာမှာ အလိမ်ခံရကြောင်း သိရှိခဲ့ရခြင်းဟု ရှင်းပြခဲ့သည်။

ဂရာဒွန်ပေးခဲ့သော Sacriston, County Durhamမှ လိပ်စာမှ လက်ရှိအိမ်ရှင်မှာ ငွေပြန်တောင်းသည့် စာများရာချီ၍ စုပုံလက်ခံရရှိထားပြီး၊ စုံစမ်းမှုများအရ ဂရာဒွန်မှာ ဂျာမဏီတွင် ရှိနေမည်ဟု ခန့်မှန်းရပြီး ချက်ပြုတ်သင်တန်း တက်ထားသော်လည်း သမ္မာအာဇီဝ အသက်မမွေးဘဲ လိမ်လည်လိုက်ပုန်းလျှိုးနေလိုက်ဖြင့် လှုပ်ရှားနေသူဟု သိရှိထားကြပြီဖြစ်သည်။

မနှစ်က အင်တာနက်ဖိုရမ်တစ်ခုမှ မိနစ်(၂၀)အတွင်းမှာပင် ယူရို(၂၀၀)ခန့် လိမ်၍ရှာနိုင်သည်ဟု ကြွေးကြော်ပြောကြားခဲ့သူမှာ ဂရာဒွန်ဟု ယူဆရကြောင်း စုံစမ်းမှုပြုလုပ်နေသူတစ်ဦးက ပြောပြခဲ့ပြီး ယခုအခါ ဓါတ်ပုံကိုလည်း အင်တာပိုရဲတို့က ရရှိထားပြီးဖြစ်ရာ မကြာမီအချိန်တွင် ဖမ်းဆီးရမိနိုင်ကြောင်း သတင်းများက ခန့်မှန်းနေကြသည်။

No comments:

Post a Comment