မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက် (ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်)

Posted on Dec 07 11 - 08:46 PM | Hits : 590
မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက် (ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်)
ဘင်္ဂလားပင်လယ်အော် မုန်တိုင်းအခြေအနေ

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေထုမငြိမ်မသက် ဖြစ်ပေါ်နိုင်ပြီး တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာ သာယာပါ့မယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လှိုင်းအသင့်အတင့်ရှိနိုင်ပေမယ့်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရာသီဥတုသာယာနိုင်ပြီး လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ ရေပြင်မြေပြင်လေဟာ တစ်နာရီ ၁၀ မိုင်မှ၁၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်မှာတော့ တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ ကျရောက်မှုကြောင့် ခေတ္တခဏမျှ လှိုင်းအသင့်အတင့် ရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာခဲ့ပေမယ့် လတ္တီတွဒ်ဟာ တောင်ဘက် 5deg Nud နိမ့်ဆင်းကျသွားခဲ့တာကြောင့် (၁-၁၂-၂၀၁၁) ရက်နေ့ နံနက်ပိုင်းမှာ အားပြန်လျော့ကျသွားခဲ့ပါတယ်။ အဲဒီအချက်ဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေထုမငြိမ်သက်မှုကိုရော၊ မိုးရွာသွန်းမှုကိုရော၊ မုန်တိုင်းဖြစ်ပေါ်မှုကိုရော လျော့နည်းသွားစေခဲ့ပါတယ်။ အကျိုးဆက်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မိုးရွာသွန်းမှုတွေ လုံးဝမရှိခဲ့တာကို တွေ့ရပါတယ်။

မိုးရွာသွန်းမှုအခြေအနေ

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၄)ရက်မှ (၃၀)ရက်နေ့အထိ မြန်မာနိုင်ငံဒေသများ အားလုံးအနေနဲ့ မိုးမရွာတဲ့ဒေသများ ဖြစ်ခဲ့ကြပါတယ်။

လာမယ့် ရက်သတ္တတစ်ပတ်အတွက်ခန့်မှန်းချက်

လာမယ့် ခန့်မှန်းကာလ ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံဘက်ဆီကို အရှေ့ဘက်က ရွေ့လျားလာနိုင်တဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ မရှိနိုင်သလို ဘင်္ဂလားပင်လယ်အော်ထဲမှာလည်း လက်ရှိ အခြေအနေအရ မုန်တိုင်းဖြစ်နိုင်ဖို့ အခြေအနေတွေ အလွန်နည်းနေတာကြောင့် မိုးရွာသွန်းဖို့ အနေအထားမရှိနိုင်ဘဲ အများအားဖြင့် သာယာပါ့မယ်။ လာမယ့် ရက်သတ္တတစ်ပတ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများဖြစ်ကြတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် အရှေ့ပိုင်းဒေသတွေမှာ အရှေ့မြောက်လေများ တိုးဝင်မှုကြောင့် ဆီးနှင်းမိုးများ (၅)ရက်ခန့် ကျရောက်နိုင်ပြီး တောင်ဘက်စွန်း ဒေသတွေမှာ ပြန်ကျမိုး အနည်းငယ်ရွာနိုင်တာကလွဲရင် ကျန်ဒေသတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။

ညအပူချိန်များ

လာမယ့် ဒီဇင်ဘာလဆန်းကစပြီး ရာသီကာလ အပိုင်းအခြားအနေနဲ့ ဆောင်းရာသီကာလကို ၀င်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် နေ့အပူချိန်များရဲ့ နေရာမှာ ညအပူချိန်များနဲ့ ပြောင်းလဲထုတ်ပြန်သွားတော့မှာ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တတစ်ပတ်အတွင်း ညအပူချိန်များအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အထက်ပိုင်းဒေသများမှာ ဖြစ်မြဲရဲ့ အောက်လျော့နည်းနိုင်ပြီး၊ အလယ်ပိုင်းဒေသများမှာ ဖြစ်မြဲခန့်နဲ့ အောက်ပိုင်းဒေသများမှာ ဖြစ်မြဲထက် အနည်းငယ် ကျော်လွန်နိုင်ပါတယ်။

မြစ်ရေအခြေအနေ

မြန်မာနိုင်ငံ တစ်ဝန်းရှိ မြစ်တို့တွင် လက်ရှိ ရေအမှတ်များဟာ ဆက်လက်မြင့်တက် မလာနိုင်ဘဲ အများအားဖြင့် လက်ရှိရေအမှတ်များရဲ့အောက်ကို ကျဆင်းသွားဖွယ်ရာ ရှိပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ မြစ်ကြီးများတို့တွင် စိုးရိမ်ရေအမှတ်များကို ရောက်ရှိနိုင်ဖွယ်မရှိတဲ့အပြင် ဆောင်းကာလအတွင်း ဝင်ရောက်လာတာနဲ့အမျှ မြစ်ကြောင်းသွားလာရေးတွေမှာ မြစ်ရေနည်းမှုအန္တရာယ်ကို စတင် သတိထားရတော့မှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အခြေအနေ

မြောက်ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနဲ့တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းများ မြန်မာနိုင်ငံဘက်ဆီကို ရောက်ရှိလာနိုင်ဖွယ်ရာ မရှိပါဘူးလို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင် (7Day News Journal Vol. 1, No. 38)

No comments:

Post a Comment