မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

လူတစ်ယောက် မျောက်တစ်ကောင်နှင့် အခြားဘ၀ စာမျက်နှာများ…

l4281
ကလေး၊ လူကြီးများ ၀ိုင်းအုံနေသော လူစုလူဝေး၏ အလယ်တွင် လူတစ်ယောက်နှင့် မျောက်တစ်ကောင် ရှိနေသည်။ ပုသိမ်ထီးလေး ဆောင်းလိုက်၊ ရှေ့ကျွမ်းနောက် ကျွမ်းထိုးပြလိုက်၊ ဇော်ဂျီတောင်ဝှေး ထမ်းလိုက်၊ အဖိုးအို တုတ်ထောက်လိုက်၊ အကြော်သည် လုပ်လိုက်၊ ရေ သည်လုပ်လိုက်၊ ဘောလုံးကန်လိုက် စသဖြင့် တုတ်တစ်ဖက်၊ သံကြိုးတစ်ဖက် ကိုင်ထားသည့် မျောက်ဆရာက ညွှန်ကြားသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြနေသော မျောက်ကလေး၏ လိမ္မာသိတတ်ပုံကို တအံ့တသြ ၀ိုင်းဝန်း၍ကြည့်နေကြသည်။
မျောက်ပွဲပြရာတွင် အသုံးပြုသည့် ပစ္စည်းပစ္စယများထည့် ထားသည့် ကျောပိုးအိတ်တစ်လုံး နှင့် မျောက်ဆရာ ကိုညီညီလွင်ဟူ သည့် လူတစ်ယောက် ကျွေးမွေးပြုစု သွန်သင်ခိုင်းစေသည့် သခင်အလိုကျ ပွဲဝင်အသုံးတော်ခံနေသည့် ရာဇာနေ၀င်းဟု အမည်ပေးထားသော မျောက်လိမ္မာလေးတစ်ကောင်၊ အမှတ်တမဲ့ကြည့်လိုက်လျှင် သူတို့နှစ်ဦး ကြားဆက်သွယ်မှုက သံကြိုးတစ်ချောင်းသာ ဖြစ်သော်လည်း စေ့စေ့ငင မေးမြန်းကြည့်လိုက်တော့ နှစ်ဦးသား ဆက်နွှယ်မှုက သံကြိုးမဟုတ် သံယောဇဉ်ကြိုးသာ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်တွင် သူတို့နှစ်ဦး ဘ၀၏ အခြားစာမျက်နှာများက....
“ကျွန်တော့် ၀ါသနာကိုက တိရစ္ဆာန်တွေကို ချစ်တတ်တယ်။ အထူးသဖြင့် မျောက်ကလေးတွေ ပေါ့။ ဘယ်နေရာမှာ မျောက်ရှိတယ်လို့ ကြားရင်ပဲ မနေနိုင်ဘူး။ သွားရှာတယ်။ ကြည့်တယ်။ သုံးလေး၊ ငါးသောင်းပေးပြီး ၀ယ်တယ်။ ကိုယ့်မှာ ရှိတဲ့ မျောက်တွေကိုလည်း ချစ်လို့ ခင်လို့ ကောင်းကောင်းမွန်မွန် မွေးမြူ မယ်ဆိုလည်း ဘယ်လောက်ပေးပေး ရောင်းပစ်လိုက်တယ်။ အသက်အရွယ် ကြီးလို့ပွဲမထွက်သင့်တော့တဲ့ မျောက် တွေဆိုလည်း ဘေးမဲ့ပေးတာ၊ ဘုန်းကြီးကျောင်း လှူလိုက်တာမျိုး လုပ်တယ်။ သတ်စားမယ့်သူဆို ဘယ်လောက် ပေးပေး လုံးဝမရောင်းဘူး”ဟု မျောက်ဆရာ ကိုညီညီလွင်က ဆိုသည်။ ဤကဲ့သို့ဖြင့် မျောက်လောကကို ပွဲထွက်မျောက်ရှစ်ကောင်ဖြင့် ဖြတ်သန်း ကျင်လည်ခဲ့သည်က ဆယ်နှစ် ဆယ်မိုး ကြာမြင့်ခဲ့ပြီဖြစ်သည်။

မျောက်ပြ ဆန်တောင်းသူ၊ တိရိစ္ဆာန်ညှင်းဆဲသူဟူသော ဝေဖန်ကဲ့ရဲ့သံများကို သည်းခံရင်း မိမိတို့၏ ထမင်းအိုးနှင့် စားဝတ်နေရေးကို ကြံဖန်ဖြည့် တင်း၍ နေကြရ  . . .
သူ၏ နေအိမ်တွင်လည်း ရာဇာနေ၀င်း၊ Rဇာနည်၊ နေတိုး၊ မိညို၊ မိစံ၊ မိငယ်ဟု အမည်ပေးထားသည့် မျောက်ခြောက်ကောင်မွေးမြူထားရာ မိဘများ သားဆိုးသမီးဆိုး၊ သားကောင်း သမီးကောင်း မွေးမိသလိုပင် သူ၏ဘ၀တွင်လည်း မျောက်ဆိုးမျောက်ကောင်းများကို စွန့်ပစ်ရိုးထုံးစံမရှိသော မိဘနှလုံးသားဖြင့် မျောက်များကို ကျွေးမွေးပြုစုရင်း ဖြတ်သန်းနေရသည်။
l4281a ထိုအထဲတွင်တော့ မျောက်ကလေး ရာဇာနေ၀င်းက အလိမ္မာဆုံးနှင့် လုပ်ငန်းအကျွမ်းဝင်ဆုံး၊ မိသားစုနှင့် တစ်သွေးတစ်သားတည်းလို ဖြစ်နေ သည်မို့ အချစ်ပိုကြသည်။ မျောက်ဆရာ ကိုညီညီလွင်၏ မိသားစုနှင့် မျောက်ကလေး ရာဇာနေ၀င်းတို့ ကြား ဆက်နွှယ်မှုသံယောဇဉ်ကို မေးမြန်းကြည့်ရာ ကိုညီညီလွင်က “အရင်က လီဆောင်းဦးဆိုတဲ့ မျောက်မကြီးက မွေးပေးခဲ့တာဆိုတော့ ရာဇာ က ငယ်မွေးခြံပေါက်ပေါ့။ လူနဲ့အနေ နီးပြီး ဥာဏ်ကောင်းတယ်။ ယဉ်ပါးတယ်။ လူချစ်လူခင်ပေါတယ်။ သူကလည်း ကျွန်တော့်မိသားစု အပါအ၀င် ရပ်ကွက်ထဲက လူတွေနဲ့ခင်တယ်။ သူ့အမေမရှိတော့လို့ နှစ်လသားကတည်းက နို့တိုက်မွေးခဲ့ရတာမို့ ကိုယ့်သားသမီးလိုပဲ သံယောဇဉ်ဖြစ်ရတယ်။ ရာဇာနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရပြောရရင် သူလသားအရွယ် က၀ယ်သူလည်းရှိ မိသားစုအရေးကလည်း အဆင်မပြေတာမို့ သုံးသောင်းနဲ့ ရောင်းလိုက်ဖူးတယ်။ နောက်ပိုင်း သူ့စိတ်နဲ့ပဲ မနေနိုင်လို့မရမက ရှာကြံပြီး တစ်သိန်းနဲ့ ပြန်ဝယ်မွေးထားရတယ်။ တကယ့် ကိုယ့်ကလေးလိုပါ ပဲ”ဟုဆိုရာ မျောက်နှင့် လူအကြား သံယောဇဉ်ကြိုးက တင်းလွန်းလှပါ တကား  ....။
နို့စို့ကလေး အပါအ၀င်အရွယ်ငယ်၊ အရွယ်ရောက်ကလေး ခြောက်ယောက်နှင့် မိဘနှစ်ပါး အပါအ၀င် မိသားစုဝင်ရှစ်ယောက်၏ ထမင်းအိုး ကို မျောက်ကလေးရာဇာနေ၀င်းက ဖြည့်ဆည်းပေးနေရရာ “ကျွန်တော် အမှန်တိုင်းပြောရရင် မျောက်ပွဲလည် ကတာ၊ ရာဇာရှာပေးတာ တစ်နေ့ကို တစ်သောင်းခွဲနဲ့ သုံးသောင်းကြားရ တယ်။ ဒီမိသားစု စားအိုးကြီးကို သူက ဖြည့်ပေးနေတာ။ ဒါ့အပြင် တခြားမျောက်တွေစားဖို့လည်း သူ က ရှာကျွေးနေတာ။ တခြားမျောက် တွေက အစုံစားမယ့် ရာဇာကတော့ ထမင်းဖြူပဲအဓိကစားတယ်။ ရာသီ ဥတုမကောင်းလို့၊ မျောက်နေမကောင်းလို့ ပွဲမထွက်နိုင်ရင် တစ်အိမ်လုံးစားဝတ်နေရေးအခက်ကြုံတာ ပဲ”ဟု သိရရာ မျောက်ကလေးရာဇာနေ၀င်း၏ အိမ်စားဝတ်နေရေး ဖြည့် စွမ်းပေးပုံကို သိရသည်။
ရင်ခွင်ထဲမှကလေးကို နို့တိုက်ရင်း ကွပ်ပျစ်ခြေရင်းမြေပြင်တွင် ကျွမ်းပစ်နေသော ရာဇာကိုကြည့်ရင်း နို့စို့ကလေးကိုထိုးပြကာ “နောက် ဆုံးမွေးတဲ့ အမွှာနှစ်ယောက်နဲ့ ရာဇာ က အတူမွေးကြတာ။ အခုဆိုအား လုံးတစ်နှစ်နဲ့ လေးလရှိပြီ။ ကလေး အမွှာပူးမွေးတယ်ဆိုပေမယ့် သူ့လည်း အတူတူစောင့်ရှောက်ရတာဆို တော့ သုံးမွှာပူးမွှေးရတဲ့အတိုင်းပြုစု ခဲ့ရတာ။ အိမ်က ကလေးငယ်တွေနဲ့ အတူဆော့၊ အတူစား၊ အတူတူသွား လာနေတာကြောင့် ကိုယ့်သားသမီး အရင်းလိုပါပဲ”ဟု ကိုညီညီလွင်၏ ဇနီးမဥမ္မာလွင်က ဆိုရာ ဖြစ်နိုင်လျှင် မျောက်ကို အိမ်ထောင်စုဇယားမှာ စာရင်းတို့ထားတော့ မယောင်ပင်။
ဆက်လက်၍ မဥမ္မာလွင်ကပင် “အခုလောလောဆယ်မှာ ရာဇာကအိမ်ရဲ့ထမင်းအိုးပဲ။ သူပွဲ မထွက်ရင် ရှာရဖွေရတော့တာပဲ။ လူချစ်လူခင် များပြီး လိမ္မာသလို ငွေရှာလည်းကောင်း တယ်လို့ ပြောရမယ်။ လွန်ခဲ့တဲ့ ၁၅ ရက်ကပဲ နွားမကြီးနဲ့နွားကလေး တစ်ကောင်ကို သုံးသိန်းခွဲနဲ့ဝယ်နိုင်ခဲ့တယ်။ သူရှာပေးတဲ့ပိုက်ဆံပဲ။ ကလေးတွေ ကျောင်းစရိတ်လည်း သူပဲ။ ကျေးဇူးရှင်ပါပဲ”ဟု ပြောရာ အာဂမျောက်ပါလားဟု တွေးမိ သည်။
မိသားစုအရေးအတွက် ဘ၀ကို မျောက်ကလေးများနှင့် ရင်ဆိုင်ဖြတ်သန်း နေရသော မျောက်ဆရာမိသားစု မှာ မျောက်ပြဆန်တောင်းသူ၊ တိရစ္ဆာန် ညှင်းဆဲသူဟူသော ဝေဖန်ကဲ့ရဲ့သံ များကိုသည်းခံရင်းမိမိတို့၏ ထမင်းအိုးနှင့် စားဝတ်နေရေးကို ကြံဖန်ဖြည့် တင်း၍နေကြရသည်။
နှစ်ပေါင်းများစွာ၊ မျောက် ပေါင်းများစွာကို ကျွေးမွေးပြုစု သွန်သင်ရင်း တစ်ချိန်တွင်မျောက်ကောင် ရေများစွာဖြင့်ရုံပွဲပြရန် ကြံစည်ကြိုး စားနေသော မျောက်ဆရာ၏ အိမ်မက်ထဲက မျောက်သဘင်ဆင်ယင် ကျင်းပချိန်ကိုကား ဘယ်အခါတွင် ကြည့်ရလိမ့်မည်မသိ။Ref:ELEVEN MEDIA GROUP

No comments:

Post a Comment