မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

မြန်မာ့အကြီးဆုံး ခေတ်သမိုင်းပြတိုက်ကြီး ပေါ်ထွက်လာရေး

w79_08 နေပြည်တော်ကို အုပ်ချုပ်ရေးမြို့တော်အဖြစ်သတ်မှတ်၍ အစိုးရအဖွဲ့ ရုံးများ၊ ၀န်ကြီးဌာနများ၊ ဗဟိုအဆင့်ရုံးများ၊ ဦးစီးဌာနရုံးများပြောင်း ရွှေ့သွားကြသောအခါ ရန်ကုန်မြို့၌ ရုံးဌာနအသီးသီး၏ ရုံးဟောင်း၊ ဌာနဟောင်း အဆောက်အအုံများစွာ ကျန်ရစ်ခဲ့လေသည်။ ယင်းတို့၏ တည်နေရာ၊ အကျယ်အ၀န်း၊ အဆောက်အအုံပုံစံနှင့် အရည်အသွေးတို့ကိုလိုက်၍ ကာလတန်ဖိုးကို သတ်မှတ်ရသည်။

စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ကျန်ရှိခဲ့သော မြို့တော်ရန်ကုန်တွင် သမိုင်းဝင် အထင်ကရ၊ အဆောက်အအုံများစွာ ကျန်ရစ်ခဲ့ရာ ယင်းတို့၏ သမိုင်းတန်ဖိုးမှာ ကြီးမားလှသည်။ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရန် သတ်မှတ်ထားသည့် ရှေး ဟောင်းအဆောက်အအုံများလည်း ပါဝင်နေသည်။
ရန်ကုန်မြို့တွင် ကျန်ရှိနေသော အဆောက်အအုံများအား နိုင်ငံတော်မှ သင့်လျော်သလို ပြန်လည်အသုံးချလျက်ရှိရာ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အနီးရှိ အလုံလမ်းနှင့် ပြည်လမ်းထောင့်မှ ယခင်ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် ရန်ကုန် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဦးစီးဌာနရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးတို့ကို ပြောင်းရွှေ့ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးအဖြစ်လည်း အသုံးပြုလျက်ရှိသည်။

ရန်ကင်းမြို့နယ်ရှိ သတ္တုတွင်းဝန်ကြီးဌာန အဆောက်အအုံကိုလည်း  ကုတင် ၅၀၀ ဆံ့ ကလေးဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခင် ကျန်းမာရေးဝန်ကြီးဌာန အဆောက်အအုံကိုလည်း တိုးချဲ့ ကလေးဆေးရုံကြီးအဖြစ် ပြင်ဆင်၍ ပြောင်းလဲ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ယခင်စွမ်းအင်ဝန်ကြီးဌာန အဆောက်အအုံကိုလည်း အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၏ တိုးချဲ့ဆောင်အဖြစ် ဖွင့်လှစ်သွားရန် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်သည်။ အလားတူပင် အခြားကျန်ရှိသော အဆောက်အအုံများသည် ပုဂ္ဂလိကဆေးရုံများ၊ ကျောင်းများ၊ စတိုးဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများ၊ ဟိုတယ်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ရုံးဌာနကြီးများအဖြစ် တဖြည်းဖြည်း ကူးပြောင်းရောက်ရှိသွားမည် ဖြစ်သည်။ အချို့မှာ ပုဂ္ဂလိကများ လက်သို့ ရောင်းချပြီးဖြစ်ရာ ပြင်ဆင်မှုများ ဆောင်ရွက်နေကြပြီဖြစ်သည်။ သမိုင်းအမွေအနှစ်အဖြစ် ကျန်ရစ်သော ထိန်းသိမ်းစောင့်ရှောက်သွားရမည့် အဆောက်အအုံများလည်း ရှိနေသည်။ အချို့မှာ တန်ဖိုးဖြတ်၍ မရနိုင်သော မြန်မာ့သမိုင်းဝင်အဖြစ် အပျက်များ ပေါ်ပေါက်ခဲ့ရာ သမိုင်းဝင် အဆောက်အအုံဖြစ်နေခြင်း၊ ခေတ်တစ်ခေတ်၏ ယဉ်ကျေးမှုကို မီးမောင်းထိုးပြနိုင်သော ဥပဓိရုပ်ရှိနေခြင်း၊ နိုင်ငံတကာခရီးသွားများ စိတ်ပါဝင်စားသည့် ကိုလိုနီခေတ်၏ ပြယုဂ်အဖြစ် ထင်ရှားစွာတည်ရှိနေခြင်း စသည်တို့ကြောင့် အဖိုး အနဂ္ဃ ထိုက်တန်လျက်ရှိပေသည်။
ယင်းတို့အနက် ၀န်ကြီးများရုံးအဖြစ် အသုံးပြုခဲ့သော အတွင်းဝန်ရုံးဟောင်းမှာ အကြီးမားဆုံးသော သမိုင်းဝင် အဆောက်အအုံကြီးပင်ဖြစ်သည်။ မြန်မာ့သမိုင်း၏ အရေးပါလှသော အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ရာ လည်းဖြစ်၍ ယင်း၏တန်ဖိုးမှာ ကြီးမားလှသည်။ကိုလိုနီခေတ်သမိုင်း၏ အထင်ကရပြယုဂ်လည်းဖြစ်၍ ယင်းခေတ်၏ အကောင်းဆုံးသော ယဉ်ကျေးမှုဗိသုကာ လက်ရာများကို ဖော်ညွှန်းနိုင်သည့် အဆောက်အအုံလည်း ဖြစ်သည်။ နိုင်ငံတကာခရီးသွားများကို လေ့လာကြည့်ရှုရန် ဆွဲဆောင်နိုင်မှု အပြည့်အ၀ရှိသော သမိုင်းအမွေအနှစ်လည်း ဖြစ်သည်။
ယင်းဝန်ကြီးများရုံးဟောင်း၏ တည်နေရာမှာလည်း ကောင်းလှသည်။ သွားလာရလွယ်ကူသော ရန်ကုန်မြို့၏ အချက်အချာနေရာတွင် တည်ရှိခြင်း၊ ပြင်ဆင်ထိန်းသိမ်းရန် လွယ်ကူခြင်း၊ နိုင်ငံတကာမှ စိတ်ဝင်စားသည့် မြန်မာ့သမိုင်းဝင် အဖြစ်အပျက်များ ပေါ်ပေါက်ရာဖြစ်ခြင်း စသည်တို့ ကြောင့် သမိုင်းတန်ဖိုးကြီးမားလှသော ရှေးဟောင်းအဆောက်အအုံကြီးဖြစ်ရာ သာမန်ရုံးဌာနများအဖြစ် အသုံးမပြုဘဲ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် မြန်မာ့အကြီးဆုံး ခေတ်သမိုင်းပြတိုက်ကြီးအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်သင့်လှပေသည်။
မြန်မာ့လွတ်လပ်ရေးရရှိမှု အထိမ်းအမှတ်အဖြစ် ပထမဦးဆုံးသော လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ရာ အခမ်းအနားကို တခမ်းတနားကျင်းပခဲ့ရာ ဘူမိနက်သန်နေရာမှန်လည်း ဖြစ်သည်။ ကိုလိုနီနယ်ချဲ့တို့၏ ယူနီဂျက်အလံမြေသို့သက်၍ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အလံ ဝေယံတွင်လွင့်၍ တ၀င့်ဝင့်တက်လာပုံမှာ မြန်မာအမျိုးသားတို့၏ ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်ရပ်ကြီးပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းဝင် ပုဂ္ဂိုလ်များတက်ရောက်သည့် ယင်းအခမ်းအနားကျင်းပခဲ့ပုံကို ပကတိသက်ရှိအရွယ်အတိုင်း ရုပ်လုံးရုပ်ကြွများဖြင့် ထုဆစ်ပုံဖော်ထားသည့် ပြခန်းပြကွက်ဖြင့် နိုင်ငံတကာ ခရီးသွားများအား ဆွဲဆောင်နိုင်မည်ဖြစ်သည်။
အလားတူပင်အာဇာနည်ခေါင်း ဆောင်ကြီးများလုပ်ကြံခံရပြီးကျဆုံး ခဲ့ရာ ရုံးခန်း၌လည်းလုပ်ကြံကျဆုံးခဲ့ ရပုံများကို ရုပ်လုံးရုပ်ကြွများထုဆစ် ပုံဖော်၍အာဇာနည်နေ့ပေါ်ပေါက်လာ ရပုံကိုပြခန်းပြကွက်ပြုလုပ်၍ခင်းကျင်း ပြသနိုင်သည်။

စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ကျန်ရှိခဲ့သော မြို့တော်ရန်ကုန်တွင် သမိုင်းဝင် အထင်ကရ၊ အဆောက်အအုံများစွာ ကျန်ရစ်ခဲ့ရာ ယင်းတို့၏ သမိုင်းတန်ဖိုးမှာ ကြီးမားလှသည်။ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် သတ်မှတ်ထားသည့် ရှေးဟောင်း အဆောက်အအုံများလည်း ပါဝင်နေသည်  . . .
ထို့အတူပင် ကိုလိုနီခေတ်အဆက်ဆက်တွင် အုပ်ချုပ်ရေးကို ဦးဆောင်ကိုင်တွယ်၍ ခြယ်လှယ်ကုပ်သွေးစုပ်ခဲ့ကြသူများ၏ ရုပ်ပုံကားချပ်များ၊ ပန်းချီများ၊ ရုပ်လုံးရုပ်ကြွများကို ယင်းတို့၏ ကိုယ်ရေးသမိုင်းအကျဉ်းနှင့်အတူ  ပြခန်းပြကွက်များ ဖန်တီးပြသနိုင်သည်။ ယင်းပြကွက်သည် အနောက်တိုင်းသား ခရီးသွားများအား ဖိတ်ခေါ်ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ကိုလိုနီခေတ်သမိုင်းတွင် ထူးချွန်ပြောင်မြောက်စွာ တွန်းလှန်တော်လှန် ခဲ့ကြသော မြန်မာတိုင်းရင်းသား သူရဲကောင်းများကိုလည်း ရုပ်ပုံကားချပ်များ၊ ရုပ်လုံးရုပ်ကြွများဖြင့် ထုဆစ်ပုံဖော်ကာ ဂုဏ်ယူပြသနိုင်သည်။ မြန်မာ့တော်လှန်ရေးသမိုင်းဝင် ပုဂ္ဂိုလ်ကြီးများ၊ ရဲဘော်သုံးကျိပ်၊ တို့ဗမာအစည်းအရုံး လှုပ်ရှားမှုများ၊ ဦးဥတ္တမ၊ ဦးဝိစာရ၊ သခင်ကိုယ်တော်မှိုင်းစသော မြန်မာ့နိုင်ငံရေးသမိုင်း ဦးဆောင်လမ်းပြပုဂ္ဂိုလ်ထူးများကိုလည်း ပြခန်းပြကွက်များ ခမ်းနားစွာခင်းကျင်း ပြသနိုင်သည်။

ဗိုလ်အောင်ကျော်အား ကိုလိုနီစစ်ပုလိပ်များ ရိုက်နှက်၍ ကျဆုံးခဲ့ရပုံကိုလည်း ရုပ်လုံးရုပ်ကြွများဖန်တီးကာ စီစဉ်ပြသနိုင်သည်။ ယခင်စပတ်လမ်းခေါ် ယခုဗိုလ်အောင်ကျော်လမ်းပေါ်တွင် သရုပ်ပြရုပ်လုံးရုပ်ကြွများ ဖန်တီး ထားရှိရန် အခက်အခဲရှိသော်လည်း ဗိုလ်အောင်ကျော်လမ်းနှင့် ၀န်ကြီးများရုံး အဆောက်အအုံကြီးကြားတွင် ကျယ်ဝန်းသောရုံးပတ်လမ်းရှိသဖြင့် ၀င်းအတွင်း၌ပင် ခင်းကျင်းပြသနိုင်သည်။
ကိုလိုနီခေတ် သမိုင်းပြတိုက်ကြီးကို ကြည့်ရှုလေ့လာရခြင်းဖြင့် ကိုလိုနီခေတ်နယ်ချဲ့တို့၏ ရက်စက်ယုတ်မာပုံ၊ သွေးခွဲအုပ်ချုပ်ပုံ၊ သွေးစုပ်ခြယ်လှယ်ပုံတို့ကို မြန်မာတိုင်းရင်းသားတို့ သိရှိနိုင်ခြင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာနိုင်ခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြတ်နိုးတတ်လာခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ဖွံ့ဖြိုးရင့်သန်လာစေနိုင်ခြင်း စသည့် အဖိုးမဖြတ်နိုင်သော ကောင်းကျိုးရလဒ်များကို ရရှိမည်ဖြစ်သည်။

အတွင်းဝန်များရုံးခေါ် ၀န်ကြီးများရုံးသည် နဂိုမူလကပင် သမိုင်းတန်ဖိုးကြီးပြီးဖြစ်ရာ အကြီးဆုံးမြန်မာ့ခေတ်သမိုင်းပြတိုက်ကြီး အဖြစ်သာရောက်ရှိလာခဲ့ပါက ပြည်တွင်းပြည်ပလေ့လာရေးခရီးသည်များဖြင့် အမြဲ စည်ကားနေမည်ဖြစ်သည်။ နိုင်ငံတကာခရီးသွားများထံမှလည်း နိုင်ငံခြား  ငွေများ ကောက်ခံရရှိမည်ဖြစ်သည်။
ရင်သပ်ရှုမောဖွယ် မြန်မာ့ဆိုင်းဝိုင်းကြီး၊ ဆန်းသစ်မြူးကြွသော အိုးစည်ဒိုးပတ်ဝိုင်းနှင့် အကအခုန်များ၊ မြန်မာ့ရုပ်သေး၊ မြန်မာ့ခြင်းလုံးဝိုင်း၊ ရွဲအလှကစားခြင်း၊ မြန်မာ့ရိုးရာသိုင်း ပြကွက်စသည်တို့ဖြင့်လည်း အခန်းကဏ္ဍ အလိုက် ဖျော်ဖြေရေးဝန်ဆောင် မှုများဖြင့် ဧည့်သည်များအား ပြသဖျော်ဖြေသွားနိုင်မည်ဖြစ်ရာ မြန်မာ့ယဉ်ကျေးမှုအစုစုကို ကမ္ဘာကသိရှိနိုင်မည် ဖြစ်သည်။

ကျယ်ဝန်းသောရုံးကြီးအတွင်း၌ မြန်မာ့ရိုးရာစားသောက်ဆိုင်များ၊ ကမ္ဘာ့ခရီးသွားများအကြိုက်စား သောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ပန်းချီပန်းပုအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းတို့ကိုပါ ပေါင်းစပ်ဖွဲ့စည်းသွားနိုင်မည်ဖြစ်ရာ ပြည်တွင်းပြည်ပ လေ့လာရေးခရီးသွားများဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေမည့် မြန်မာ့အကြီးဆုံး ခေတ်သမိုင်းပြတိုက်ကြီးကို မျှော်လင့်မြင်ယောင်နေမိပါကြောင်း ရေးသားလိုက်ရပေသည်။ျRef;ELEVEN MEDIA GROUP

1 comment: